စစ်တွေတိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားများကို လူသားဒိုင်းကာအဖြစ် အသုံးချနေ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့ မကျအောင် ခုခံတိုက်ခိုက်နေသည့် စစ်အုပ်စုတပ်သည် အရပ်သားပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးကာ လူသားဒိုင်းကာ ပြုလုပ်ထားသည့်အပြင် ပြည်သူများ ပုန်းခိုရန် တူးထားသည့် ဗုံးခိုကျင်းများကိုလည်း လိုက်လံဖျက်ဆီးနေကြောင်း အာရက္ခတပ်တော် (AA) က ပြောသည်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စစ်တွေမြို့နယ်ထဲက ဒီတိုက်ပွဲ အခြေအနေကတော့ စစ်တွေမြို့ တစ်ဝှိုက်ဆက်စပ်တဲ့ နေရာအားလုံးမှာ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေတာ ရှိပါတယ်။ အကြမ်းဖက် မြန်မာဖက်စပ်စစ်တပ်ကလည်း စစ်တွေမြို့ထဲမှာ ပိတ်လောင်ထားတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းကာ ဓားစာခံလုပ်ထားပြီး တော့ အယုတ်မာဆုံးနည်းလမ်းတွေနဲ့ ခုခံတိုက်ခိုက်နေတာ ရှိပါတယ်။ အရပ်သား ပြည်သူတွေ အသက် လုံခြုံ ရေးအတွက် ပုန်းခိုဖို့ တူးထားတဲ့ ဗုံးခိုကျင်းတွေကိုလည်းပဲ ဒီအကြမ်းဖက် မြန်မာစစ်တပ်က လိုက်လံ ဖျက်ဆီး နေတာ ရှိပါတယ်။”

စစ်အုပ်စု၏ ယခုကဲ့သို့ လုပ်ရပ်မှာ အရပ်သားပြည်သူများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်းလည်း ခိုင်သုခက ထောက်ပြပြောဆိုသည်။

လက်ရှိတွင် စစ်တွေမြို့နှင့် အနီးတစ်ဝိုက်၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က ငပြီကျွန်းသို့ ကမ်းတက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အဆိုပါကျွန်းကို ULA/AA က အခိုင်အမာ ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ထိုသို့ စစ်အုပ်စုတပ်က ငပြီကျွန်းဘက်သို့ ကမ်းတက်ရန် ကြိုးပမ်းနေစဉ်အတွင်း ULA/AA က ရေကြောင်း စစ်ဆင်ရေး တစ်ရပ်အနေဖြင့် ကုလားတန်မြစ်ဝတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောများကို တိုက်ခိုက် နစ်မြှုပ်ခဲ့သေးသည်။

“ဟို စစ်တွေနဲ့ ဝိရဌာနီအကြားက ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရေတပ် စစ်သင်္ဘောတွေကို လွန်ခဲ့တဲ့ သတင်းကျွတ်လပြည့်ညမှာ ရေကြောင်းစစ်ဆင်ရေး တစ်ခုနဲ့ အာရက္ခတပ်တော်က တိုက်ခိုက်ရှင်းလင်းခဲ့တာ ရှိပါတယ်။ အဲဒီဖြစ်စဉ်မှာ ဒီအကြမ်းဖက် မြန်မာစစ်တပ် ရေတပ်စစ်သင်္ဘောသုံးစင်း ထိမှန်ပျက်စီးခဲ့တာ ရှိတယ်။ ဟိုစစ်သင်္ဘော ၂ စင်းကတော့ လုံးဝနစ်မြှုပ်သွားတယ်။ ကျန်တဲ့ ၁ စင်းကတော့ ဆိုးဆိုးရွားရွား ထိမှန်ပျက်စီးခဲ့တာ ရှိပါတယ်” ဟု ခိုင်သုခက ဆက်ပြောသည်။

ULA/AA ၏ တိုက်ခိုက်မှုကို ခံရသည့် အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ စစ်တွေမြို့၏ လုံခြုံရေးတာဝန်ကို ယူထား သည့် ရေတပ်အုပ်စုဖြစ်ပြီး ငပြီကျွန်းဘက်သို့လည်း လက်နက်ကြီး ပစ်ကူပေးနေသည့် ရေယာဉ်များ ဖြစ်ကြ  သည်။

စစ်တွေမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အကျအဆုံးများ ရှိနေသည့် စစ်အုပ်စုတပ်သည် အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ရသေ့တောင်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်သည် စစ်သင်္ဘောများနှင့် အမြန်တိုက်ခိုက်ရေး ရေယာဉ်များကို ကမ်းရိုးတန်းရေပြင်တွင် ပုံမှန်ကင်းလှည့်သွားလာခိုင်းခြင်းနှင့် အနီးကပ် လုံခြုံရေးယူခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ပြင် မြို့နယ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ ရေတပ်စခန်းများတွင်လည်း ခုခံစစ် ပြင်ဆင်မှုကို အထူးတင်းကျပ် ထားကာ အမြောက်ကြီးများဖြင့် ပစ်ခတ်နိုင်ရန် ပြင်ဆင်ထားကြောင်း ဆိုသည်။

ULA/AA ၏ ထိုးစစ်နှင့် ရေကြောင်းကို စိုးမိုးသွားမည်ကို စိုးရိမ်နေသည့်အတွက် စစ်တွေမြို့ကို ဆက်သွယ်နေ သည့် ပင်လယ်ပြင်နှင့် မြစ်ကြောင်းများမှတစ်ဆင့် သွားလာနိုင်သည့် လမ်းကြောင်းများကိုလည်း စစ်အုပ်စုတပ် က တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ ဒေသခံ ရေလုပ်သားများ၊ ငါးဖမ်းလှေများနှင့် ဒေသန္တရ စက်လှေများကို သတ်မှတ်ဧရိယာပြင်ပမှ ထွက်ခွာခွင့် တင်းကျပ်စွာ ကန့်သတ်ထားပြီး သတ်မှတ်ချိန်နှင့် ဧရိယာဘောင်အတွင်း၌သာ ငါးဖမ်းဆီးခွင့် ပြုထားကြောင်း ဒေသခံများက ပြောသည်။

Photo:Credit to original uploader