ရှမ်းမြောက် မိုးမိတ်၌ စစ်အုပ်စု စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း မန္တလေးဘက်မှ စစ်ကူ ရောက်ရှိလာသည့် စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။
စစ်အုပ်စုတပ်သည် ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အမြောက်အများ အသုံးပြုကာ မြို့ပြင် ၇ မိုင်နှင့် ၈ မိုင် ဝန်းကျင်သို့ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “မိုးမိတ်ဘက် မှာ စစ်အုပ်စုဘက်က မန္တလေးကနေ စစ်ကူအများအပြား ဖြည့်တင်းပြီး အင်အားသုံး ထိုးစစ်ဆင်လာတာပါ။ KIA ပူးပေါင်းတပ်တွေ တပ်စွဲထားတဲ့ ရှေ့တန်းနေရာတွေကို ခြေလျင်တပ်တင်မကဘဲ လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ဂျက်ဖိုက်တာတွေကိုပါ ဆက်တိုက်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်နေပါတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ၎င်းတို့၏ စစ်ကြောင်းများ အထိနာပြီး နောက်ဆုတ်ခဲ့ရပြီးနောက် အင်အား ထပ်မံဖြည့်တင်းကာ လေကြောင်းကနေပါ နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေသည်။
ထိုသို့ မိုးမိတ်-မြစ်ဆုံ လမ်းပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှု အခြေအနေနှင့် ပတ်သက်၍ မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကလည်း ယခုကဲ့သို့ ဆက်ပြောသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်အုပ်စုက တပ်ရင်း ၄ ရင်းပေါင်းပြီးမှ စစ်ကြောင်းတစ်ကြောင်းတည်းနဲ့ ငါးအိုးဘက်ကို ထိုးတက်လာတာပါ။ အဲဒီလို ထိုးစစ်ဆင်လာတာကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် စစ်အုပ်စုတပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ကစင့်ကလျား ပြိုကွဲဆုတ်ခွာသွားခဲ့ရပါတယ်။ တပ်ရင်းမှူးတစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သလို ဒုတိယ တပ်ရင်းမှူးလည်း ဖြစ်စဉ်နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်” ဟု ပြောသည်။
လက်ရှိ မိုးမိတ်မြို့နယ်အတွင်း၌ စစ်အုပ်စုတပ်၏ ခမရ ၁၁၄၊ ခမရ ၁၁၅ နှင့် ခမရ ၅၀၆ တပ်များ ပူးပေါင်းကာ မြို့ပြင် ၄ နေရာထက်မနည်း၌ စစ်ရေးလှုပ်ရှားလျက် ရှိသည်။
စစ်အုပ်စုတပ်သည် မိုးမိတ် – မဘိမ်း – ငါးအိုး – ရွှေကူ – ဗန်းမော် လမ်းကြောင်းကို ပြန်လည်စိုးမိုးနိုင်ရန် အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။
အဆိုပါ မိုးမိတ်ဒေသ စစ်ရေးဖြစ်စဉ်များအတွင်း KIA ပူးပေါင်းတပ်များဘက်က စစ်အုပ်စုထံမှ လက်နက်မျိုးစုံ ၃၀ ကျော်မှ ၅၀ နီးပါးနှင့် ဂျမ်မာ (Jammer) စက်ပစ္စည်းများကို အောက်တိုဘာ လကုန်ပိုင်းက သိမ်းဆည်းရမိခဲ့ သေးသည်။
ဓါတ်ပုံ – (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က မိုးမိတ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး တွေ့ရသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) တပ်ဖွဲ့ဝင်များ။ – ပုံဟောင်း / MDY PDF)