ရခိုင်မြောက်ပိုင်း၌ ARSA လှုပ်ရှားမှုများ ပိုမိုစိတ်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ရခိုင်ပြည် မေယုတောင်ကြောရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် အောက်တိုဘာ လကုန်ပိုင်းမှစ၍ ARSA တပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများ ပိုမိုစိတ်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ARSA သည် အောက်တိုဘာ ၂၉ ရက်တွင် တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှု ဓာတ်ပုံ၊ ဗီဒီယိုများနှင့် အခမ်းအနား ကျင်း ပသည့် ပုံများကို လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေခဲ့ပြီးနောက် မြေပြင်တွင်လည်း လှုပ်ရှားမှုအချို့ ပြုလုပ်လာခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော်တို့ စစ်တွေတွင် တိုက်ပွဲဖြစ်ပွားနေသည်ကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်တစ်လျှောက်၌ အချိန်ကိုက် လှုပ်ရှားလာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများ က သုံးသပ်ကြသည်။
ရခိုင်မြောက်ပိုင်း စစ်ရေးသုံးသပ်သူ အမျိုးသားတစ်ဦးက “မောင်တောမှာ ညမထွက်ရအမိန့်ထုတ်ထားပြီး တပ် တော်ကလည်း ကင်းလှည့်နေတာတွေရှိတယ်။ ဒါပေမယ့် ဘူးသီးတောင်မှာရော မောင်တောမှာရော နယ်စပ်မျဉ်း တစ်ဝိုက်ကျေးရွာတွေမှ လှုပ်ရှားလာတာရှိတယ်။ အဲ့ဒီတောတောင်တွေမှာက ဒေသခံ မြို၊ သက် စတဲ့ လူမျိုး တွေက တောင်ယာစိုက်တာတွေ တောမှာရှာဖွေစားသောက်တာတွေရှိတော့ ထိတ်လန့်နေကြတယ်” ဟု ပြောသည်။
ARSA တပ်စိပ်အချို့ကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းဒေသအပြင် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့ နယ်စပ် ဥဒေါင်းကျေးရွာ အနီးဝန်းကျင်တို့တွင်ပါ တွေ့ရှိလာရသဖြင့် ဒေသခံများမှာ တောတောင်အတွင်း ထင်း ခုတ်၊ ဟင်းရှာ သွားရောက်ရာတွင် သတိထားနေကြရသည်။
အာရက္ခတပ်တော်က ARSA တပ်ဖွဲ့ဝင်များကို မေယုတောင်တန်းတစ်လျှောက် နယ်မြေရှင်းလင်းရေးများ ဆောင် ရွက်နေပြီး ပြည်သူများကိုလည်း လုံခြုံရေး အသိပေးထားသည်။
“မောင်တောနဲ့ ရသေ့တောင်က မြို၊ သက်ကျေးရွာတွေ၊ ရခိုင်ရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ညဘက် ကင်းစောင့်နေရတာတွေ ရှိတယ်။ သူတို့က မထင်ရင်မထင်သလို သတ်ဖို့လည်း ဝန်မလေးဘူး။ အရင်နှစ်တွေ ထက်အခုက အင်အားလည်း များလာတယ်လို့ သိရတယ်။ မေယုတောင်တန်း ဘူးသီးတောင်နဲ့ ရသေ့တောင် နယ်စပ် နေရာတွေမှာ အောင်ပွဲခံပြီး ခြောက်လှန့် ပစ်ခတ်သံတွေရှိတယ်။ တပ်တော်ကလည်း လိုက်ရှင်းနေ တယ်။ မောင်တော ကျောက်ပန္ဒု – အင်းဒင် – တောင်ကျော်လမ်းအထိ သူတို့ တခါတလေ တက်လာတယ်” ဟု မောင်တောဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် ARSA လှုပ်ရှားနိုင်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ စေတီပြင် လမ်းများအပြင် မောင်တော ကျောက်ပန္ဒု – အင်းဒင်၊ ကြိမ်ချောင်း၊ ဂုပ္ပိတောင်၊ ညောင်ချောင်းနှင့် ဥဒေါင်း ဒေသတို့၌ အာရက္ခတပ်တော်က စောင့်ကြည့်စစ်ဆေးမှုများ တင်းကျပ်ထားသည်။
ထို့ပြင် အာရက္ခပြည်သူ့အစိုးရက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်၍ လုံခြုံရေး တိုးမြှင့်ထားသည်။
ဓာတ်ပုံ – (ARSA တပ်ဖွဲ့ဝင်များ။ / ARSA)
#ရခိုင်ပြည်နယ် #ARSA