စစ်တွေတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက မြို့ခံ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ငွေညှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့ဝန်းကျင်၌ အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ ချိန်တွင် စစ်အုပ်စုတပ်က မြို့တွင်း လုံခြုံရေးတိုးမြှင့်ကာ အရပ်သားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် မြို့တွင်း လမ်းဆုံလမ်းခွများ၊ မြို့အဝင်အထွက် နေရာများတွင် လုံခြုံရေးအင်အား ဖြန့်ကျက်ထားပြီး အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအထိ စစ်တွေမြို့ခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်များအပြင် အသက် ၅၀ ကျော်အရွယ်များအထိ ပါဝင်နေသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ညဘက် ဧည့်စာရင်းနဲ့ ဖမ်းတာပိုများတယ်၊ အခုပိုဆိုးလာတယ်။ မြို့ပတ် လည်က တိုက်ပွဲတွေက နေ့စဉ်သတင်းမျိုးစုံ ကြားရတယ်။ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးရေးတွေ အပြင် အရပ်ဝတ်တွေနဲ့ လိုက်ဖမ်းတာတွေ များလာတာ နေ့ရောညရော ဧည့်စာရင်းစစ်ဆေးတာတွေ အပြင် ညဘက် သွားလာ သူတွေ့တာနဲ့ စစ်ဆေးဖမ်းဆီး စစ်ဆေးတာတွေရှိနေတယ်။ လက်ရှိ အရပ်သား ၁၅ လောက် ဖမ်းဆီး ထားပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကျော်တွေ” ဟု မြို့ တွင်း စစ်ဆေးဖမ်းဆီးခံရသည့် အခြေအနေကို ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် စစ်တွေမြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် ရွှေမင်းဂံ ရေတပ်စခန်းအနီးနှင့် ရေချမ်းပြင်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့အပြင်သို့ စစ်ကြောင်းမထွက်နိုင်သေးဘဲ မြို့တွင်း၌ ကင်းပုန်းဝပ်ခြင်း၊ အရပ်ဝတ်များဖြင့် စောင့်ကြည့်ခြင်း၊ နေအိမ်များသို့ ဝင်ရောက်၍ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် မေလကတည်းက ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထား ခြင်းလည်း ဖြစ်သည်။

ဧည့်စာရင်း စစ်ဆေးရာတွင် အပြစ်ရှာ၍ ဖမ်းဆီးကာ ငွေကြေးတောင်းခံထုတ်ပေးနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ဖမ်းထားတဲ့သူတွေကို လူတွေသိပ်မသိသေးရင် ညှိလို့ရတယ်။ လူသိများရင်တော့ ထုတ်လို့မရတော့ဘူး။ ဒါကြောင့် ဖမ်းခံထိတဲ့ မိသားစုက တိုးတိုးတိတ်တိတ် လုပ်နေကြတယ်။ လူသိမခံဘူး။ အခုက ဧည့်စာရင်း စစ် အပြစ်ရှာပြီး ဖမ်းတာကို ငွေရှာတဲ့နည်းလို စစ်တပ်လုပ်နေတာ ဘာလုံ ခြုံရေးမှမဟုတ်ဘူ။ အခု စစ်တွေမြို့ပေါ် မှာ နေတဲ့သူတွေကို စစ်တပ်က အကုန်သိနေတာပဲ၊ အသစ်ထပ်ရောက်တာကို မရှိသလောက်ပဲ။”

စစ်တွေမြို့အနီးတွင် နှစ်ဖက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သံများနှင့် လက်နက်ကြီး ပစ်ခတ်သံများကိုလည်း နေ့စဉ် ကြားနေရသည်ဟု မြို့ခံများက ပြောသည်။

မြို့တွင်း စစ်ဆေးမှု တင်းကျပ်ခြင်းနှင့် ဖမ်းဆီးမှုများကြောင့် မြို့ခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လို သော်လည်း စစ်အုပ်စုတပ်က မြို့ဝင်မြို့ထွက် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသဖြင့် မြို့ခံများမှာ တိုက်ပွဲ အန္တရာယ်အပြင် မတရား ဖမ်းဆီးခံရမည်ကိုပါ စိုးရိမ်နေကြရသည်။

ပုံစာ – စစ်တွေမြို့ဝင်လမ်း စစ်အုပ်စု စစ်ဆေးရေးဂိတ်၌ အရပ်သားများ စစ်ဆေးခံနေရစဉ် – ပုံဟောင်း။ (ဓာတ်ပုံ – RFA)