လယ်သမားအိမ်ထောင်စု ၄၀၀ နီးပါးကို အာရက္ခတပ်တော် (AA) က မျိုးစေ့နှင့် စိုက်ပျိုးရေး ပစ္စည်းများ ထောက်ပံ့
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်။
ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံလယ်သမားများ၏ စားဝတ်နေရေး အခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်၍ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာကိုးရွာမှ အိမ်ထောင်စု ၃၇၅ စုကို အာရက္ခတပ်တော် (AA) က နွေစပါးမျိုးစေ့၊ ဆောင်းသီးနှံမျိုးစေ့နှင့် စိုက်ပျိုးရေး သွင်းအားစု (ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ထွန်ယက်ရေးဆိုင်ရာ ပံ့ပိုးမှုများ) ကို ထောက်ပံ့ပေးလျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးအပတ်မှစတင်ကာ ခရိုင်ပါတီကော်မတီက ဦးဆောင်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အောင်လံပြင်ကျေးရွာမှ အိမ်ထောင်စု ၉၉ စု၊ ဆင်အိုးပြင် (မူဆလင်) ကျေးရွာမှ ၆၆ စု၊ ရွှေအိုးပြင်ကျေးရွာမှ ၆၅ စု၊ လောင်းချောင်း (သက္ကမ) ကျေးရွာမှ ၄၃ စု၊ ငကျိုင်တောက် (သက္ကမ) ကျေးရွာမှ ၂၆ စု၊ အင်းဖောက်ကျေးရွာမှ ၂၃ စု၊ ရွာသစ်ပြင်ကျေးရွာမှ ၂၃ စု၊ သပြေတောကျေးရွာမှ ၂၂ စုနှင့် ဗျာလချေကျေးရွာမှ ၈ စု စုစုပေါင်း အိမ်ထောင်စု ၃၇၅ စုကို ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
“ပိုင်ဆိုင်တဲ့မြေဧကအလိုက် ထောက်ပံ့တာပါ။ စက်ယန္တရားတွေလည်း ကူမယ်လို့ သိရတယ်။ စပါးအပြင် မုန်ညင်း၊ အာလူး၊ ဗိုလ်စားပဲ၊ ကျောက်စိမ်းငရုတ်တွေလည်း ထောက်ပံ့တယ်။ မရသေးတဲ့လူတွေလည်း ရှိတယ်။ စိုက်ပျိုးရေး နည်းပညာတွေလည်း ပြောဆိုတာတွေရှိတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာကိုးရွာမှ အိမ်ထောင်စုများအတွက် တစ်ရွာလျှင် မြေဧက ၅၀ နှုန်းဖြင့် စုစုပေါင်း မြေဧက ၄၅၀ စာအတွက် နွေစပါးမျိုးစေ့နှင့် မုန်ညင်း၊ အာလူး၊ ဗိုလ်စားပဲ၊ ကျောက်စိမ်းငရုတ် စသည့် ဆောင်းသီးနှံမျိုးစေ့များကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
လက်ရှိတွင် မြေဧက ၄၅၀ အနက် ဧက ၁၅၀ ကျော်ကို ထွန်ယက်ပြီးစီးနေပြီဖြစ်သကဲ့သို့ စိုက်ပျိုးရေ ရရှိရန် ရေချိုချောင်းများ ဆည်ခြင်းကိုလည်း စက်မှုလယ်ယာဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်း စပါးရောင်းဝယ်ရာ၌ စပါးတစ်တင်းလျှင် အလေးချိန် ၉ ကီလိုဂရမ် သို့မဟုတ် နို့ဆီဘူး ၅၅ ဘူးထက် မပိုသည့် အတိုင်းအတာဖြင့် တစ်ပြေးညီ ချိန်တွယ်ရောင်းဝယ်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
(ဓာတ်ပုံ – Original uploader)