ရှမ်း-ကချင်အစပ် မိုးမိတ်နှင့် ကချင်မြို့နယ် ၅ ခုတွင် စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဆက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ရှမ်း-ကချင်အစပ်ရှိ မိုးမိတ်မြို့နယ်အပါအဝင် ကချင်ပြည်အတွင်းရှိ မိုးညှင်း၊ အင်းတော်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာ နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KIO/KIA က ပြောသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် အခြေအနေများနှင့် ပတ်သက်၍ KIO/KIA ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ရှင်းပြသည်။
“ကချင်ပြည်နယ်ဖက်မှာကတော့ မန္တလေး မြစ်ကြီးနား ကား၊လမ်းဖြစ်နေတဲ့ နန်စီးအောင် မော်လူး။ နောက် အဲဒီ ကသာ အင်းတော်လေးတွေပေါ့နော် အဲဒီ တကြောလုံးမှာလည်း အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအ ထား နေရာတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဝိုင်းမော်မှာလည်းပဲ နေ့တိုင်းလို သူတို့က ကင်းထောက်တာ ပေါ့ ကွာ လက်နက်ကြီးနဲ့ ပစ်တာတွေ ဒရုန်းနဲ့ ကင်းထောက်တာတွေ ရှိပါတယ်။ ဒါကြောင့် အချိန်မရွေး တိုက်ပွဲက တော့ ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။”
ထို့ပြင် “အင်းတော်ကြီးဖက်မှာ ဟုမ္မလင်း အစပ်ဖက်မှာလည်း SNA တပ်နဲ့ ဒီ စကစတွေ ပူးပေါင်းပြီးတော့မှ လှုပ်ရှားတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီနေရာဖက်မှာလည်း အချိန်မ ရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ နေရာတွေ ဖြစ် ပါတယ်။ နောက် ခုနပြောတဲ့ ခေါင်လန်ဖူး ဖက်မှာလည်း အနီးကပ် စောင့်ကြည့် နေတဲ့ အနေအထားဆိုတော့ အချိန်မရွေး တိုက်ပွဲကတော့ ဖြစ်ချေများတဲ့ နေရာဒေသတွေ ဖြစ်ပါ တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။
စစ်ကိုင်းတိုင်းအစပ် မော်လူး-မော်ဟန်ဘက်တွင် မန္တလေးမှ မြစ်ကြီးနားသို့ တက်လာသည့် စစ်အုပ်စု ယာဉ်တန်း ကို KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့သဖြင့် ကချင်ပြည်အတွင်းသို့ ဝင်ရောက်နိုင် ခြင်း မရှိခဲ့ပေ။
သို့သော် စစ်အုပ်စုတပ်သည် မိုးညှင်းမှ မော်လူး-မော်ဟန်နှင့် နန့်စီးအောင် ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး၊ ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲကြီးများ မရှိသော်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ကြိုကြားရှိနေကြောင်း KIO/KIA က ဆိုသည်။
ထို့ပြင် ရှမ်း-ကချင်အစပ် မိုးမိတ်မြို့နယ်ဘက်တွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်များကို KIA နှင့် ပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်များ မိုးမိတ်မြို့အနီးသို့ ပြန်လည်ဆုတ်ခွာသွား ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
“မိုးကုတ် မိုးမိတ် အခြေအနေကလည်း အစသူတို့ စစ်ကြောင်းတွေ ထိုးလာတဲ့ အချိန်မှာကတော့ အဲဒီ မိုးမိတ် မြို့နဲ့ ကျနော်တို့ မဘိမ်း ကချင်ပြည်နယ်ဖက်မှာ ၉ မိုင်လောက်အထိ နေရာယူပြီးမှ လှုပ်ရှားကြတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အခုကတော့ KIA နဲ့ ပူးပေါင်းတပ်တွေက အဲဒီသူတို့ ကျွံနေတဲ့ဟာတွေကို ပြန်ပြီးမှ တိုက်ခိုက် ချေမှုန်း တဲ့ အခါကျတော့ အခုတော့ မိုးမိတ်မြို့ကနေ လေးမိုင် ငါးမိုင်ပေါ့ အဲလောက်အထိ သူတို့ ပြန်ဆုတ်ပြီးမှ နေတာ တွေ့ရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ သူတို့နဲ့ ထိတွေ့ ရင်ဆိုင် တိုက်ပွဲ ငယ် လေးတွေတော့ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒရုန်းနဲ့ လက်နက်ကြီးနဲ့ မော်တာတွေ နဲ့ အချင်းချင်း အပြန်အ လှန် ထုတာတော့ရှိပါတယ်။ မြေပြင်တိုက်ပွဲကတော့ အဲလောက်အထိ မရှိသေးဘူးခင်ဗျာ။”
လက်ရှိတွင် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း လက်လွှတ်ဆုံးရှုံးထားရ သည့် နယ်မြေများနှင့် မဟာဗျူဟာကျသော ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည် အပါ အဝင် ကရင်၊ ကရင်နီ၊ ရခိုင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ထိုးစစ်များကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးလေ့လာသူများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ပုံစာ – ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ – ပုံဟောင်း / (ဓာတ်ပုံ – Original uploader)
#KIA #Kachin