ရခိုင်နှင့် ပလက်ဝတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ၄ ရက်အတွင်း အရပ်သား ၁၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
ရခိုင်နှင့် ချင်းပြည် ပလက်ဝဒေသရှိ မြို့နယ် (၅) ခုကို စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄ ရက်အတွင်း အရပ်သား ၁၄ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးတစ်ဝိုက်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် (၄) စီး၊ Y-12 လေယာဉ် (၁) စီးတို့ဖြင့် ည ၇ နာရီ ၅၇ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ တစ်နာရီကျော်ကြာ ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀၊ ရော့ကတ် (Rocket) နှင့် ဒရောပ်ဗုံး (Drop Bomb) အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးကို မရပ်မနား ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြသည့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ၅ လသား ကိုယ်ဝန် ဆောင် အမျိုးသမီး ၁ ဦးနှင့် အခြား ဒေသခံ ၁၀ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၂၁ ဦး ရှိကာ လူနေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျောက်တော်မြို့ပေါ်ရှိ ယခင် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် တစ်ပြိုင်နက် တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်များ လုံးဝပျက်စီးသွားခဲ့ပြီး အရပ်သား ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးကိုလည်း ဂျက်တိုက်လေယာဉ် (၅) စီး၊ Y-12 လေယာဉ် (၁) စီးတို့ဖြင့် တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ရခိုင်မြောက်ပိုင်းဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက “ကျမတို့ကျောက်တော်ကတော့ ပြောဖို့စကား မရှိ တော့ပါဘူး။ အရွယ်စုံ သေဆုံးနေရတာပါ၊ ဗုံးကြဲတာကို ဒီအတိုင်းခံနေကြရတာ ပြန်လည်းမလုပ်နိုင်ဘူး၊ နိုင်ငံတကာကိုရော သိစေချင်ပါတယ်။ လုပ်စားကိုင်စားလည်း မဖြစ်တော့ဘူး” ဟု ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကလည်း သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ယခင် GTI ကျောင်းနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲ ခဲ့ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ ကျောင်းဆောင်အချို့နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ သည်။
သံတွဲဒေသခံ ပရဟိတဆောင်ရွက်နေသူတစ်ဦးက “GTI ကျောင်းနဲ့ အမှတ် ၁ ကျောင်းနားကိုကျတာ မနက်ပိုင်း လူတွေလှုပ်ရှားသွားလာနေတဲ့နေရာပါ၊ အခုအဲ့ဒီနောက်မှာ ကိုင်းခင်းတွေရှိတယ် ကျောင်းရှေ့မှာ လမ်းမကြီး လေ၊ ဘယ်အေအေမှ မရှိဘူး။ သံတွဲက မြို့ပေါ်လူတချို့ ရှောင်နေတာကြာပါပြီ။ အခုက လေယာဉ်လာရင် အချက်ပေးတာတွေ ရှိပေမယ့် တချို့ကလည်း လုပ်ကိုင်စားနေတာဆိုတော့ မရှောင်နိုင်ဘူး။ ပြည်သူတွေ စိတ်ထဲ စိုးရိမ်စိတ်တွေနဲ့ပဲ နေရတယ်” ဟု ပြောသည်။
ထို့ပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကိုလည်း နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်အုပ်စုတပ်က ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသကဲ့သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ၎င်းရပ်ကွက်ကို စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် များ ထပ်မံ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။
ပုံစာ – စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးထိခိုက်သူများ ပုံ။ / (ဓာတ်ပုံ – AA Info Desk)