စစ်တွေမြို့အနီး အေအေထိုးစစ်ကြောင့် စစ်အုပ်စုတပ် ခံစစ်ပြင်နေပြီး မြို့ခံအများစု ပြည်မသို့ ထွက်ခွာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် စစ်အုပ်စုတပ်က ခံစစ် အကြီးအကျယ် ပြင်ဆင်နေရပြီး ငွေကြေးတတ်နိုင်သည့် မြို့ခံအများစု ပြည်မဘက်သို့ ထွက်ခွာနေကြကြောင်း ဒေသခံများက ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ် နေရာများ၊ ဆပ်ရိုးကျချောင်း၊ ရွှေမင်းဂံရေတပ်စခန်း နေရာများအပြင် စစ်တွေမြို့ တွင်း လမ်းဆုံလမ်းခွ နေရာတချို့အထိ စစ်အုပ်စုတပ်သည် ခံစစ်ပြင်ဆင်ထားပြီး တပ်မိသားစုအချို့ကို စုရပ်များ တွင် ပြောင်းရွှေ့နေထိုင်ခိုင်းထားသည်။

စစ်တွေဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က “အေအေက လက်ကျန်မြို့တွေ သိမ်းမယ်လို့ ပြောပြီးတဲ့နောက် စစ်တွေမြို့တွင်း အခြေအနေဟာ သိသာလာတယ်။ စစ်တပ်က ထိပ်ပိုင်းအရာရှိ တချို့ ပြည်မကို အသွားအလာ လုပ်နေတယ်။ တပ်မိသားစုတွေ Standby ပဲ စုထားတယ်၊ ပိုက်ဆံတတ်နိုင်ပြီး အကပ်ကောင်းတဲ့ တပ်မိသားစု တွေ ရန်ကုန်ဘက်ရွှေ့တယ်” ဟု ပြောသည်။

ထို့ပြင် မင်းချောင်းတံတားဝန်းကျင်အထိ တပ်ဖြန့်ထားကာ ရွှေမင်းဂံရေတပ်စခန်းနှင့် နှစ်မိုင်ခန့်အကွာရှိ ရဲရိုးပြင် ကျေးရွာ၊ အမြင့်ကျွန်းကျေးရွာအနီးတို့တွင် AA ၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ဝါဘို၊ ခမောင်းတောဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

အဆိုပါ စစ်တွေဒေသခံ စစ်ရေး သတင်းရင်းမြစ်က “အဲ့လိုပဲ အရပ်သားကုန်သည်တွေ ဒီနှစ်စပိုင်းမှာ ပြန်ဝင်လာ တဲ့ ရခိုင်သားကုန်သည်တွေ စစ်တပ်နဲ့ ရင်းနှီးတဲ့သူတွေ စစ်တွေက ထွက်ခွာနေတယ်။ ကုန်ယူဖို့ သွားသလိုလို စီးပွားရေး လေ့လာဖို့ သွားသလိုလိုနဲ့ ပြန်မလာကြတော့ဘူး။ စစ်တွေက အေအေထိန်းချုပ်တဲ့ နေရာတွေကို ရေလမ်းက ခိုးထွက်တဲ့ မြို့ခံတွေကို စစ်တပ်က အသေးစိတ်လိုက်ကြည့်ပြီး ထိန်းထားလိုက်ပြီ” ဟု ဆက် ပြော သည်။

AA သည် ရွှေမင်းဂံရေတပ်စခန်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တို့ကို ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဒကစဌာနချုပ်နှင့် မြို့ပေါ်ရှိတပ်နှင့် ဆက်စပ်နေရာများတွင် ထားရှိသော တပ်မိသားစုဝင်တချို့သည် ရန်ကုန်သို့ တိမ်းရှောင်မှုများရှိနေပြီး စစ်အုပ်စုတပ်ဘက်ကလည်း အခြေအနေအပေါ်မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။

ထို့ပြင် စစ်တွေမြို့နယ်ရှိ တိုက်ပွဲများနှင့် မြေပြင်အခြေအနေ သတင်းများကြောင့် မြို့ခံများသည် ရန်ကုန်သို့ လေကြောင်းဖြင့် ထွက်ခွာမှု များပြားလာနေပြီး စီးပွားရေးလုပ်ငန်းရှင်အများစုသည် ကုန်ပစ္စည်းများနှင့် လုပ်ငန်း များကိုပါ ပြောင်းရွှေ့ရန် ပြင်ဆင်လာနေကြသည်။

စစ်တွေတွင် စစ်အုပ်စုတပ်သည် စက်တပ်လှေများကို ထိန်းချုပ်ထားသဖြင့် အခြားလွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခွင့်မရသကဲ့သို့ စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ် တစ်စောင်လျှင် ငွေကျပ် ခြောက်သိန်းနီးပါး ပေးဝယ်နေရသည်။

ရန်ကုန်နှင့် စစ်တွေ အသွားအလာရှိခဲ့သူ အမျိုးသမီးက “အဆင်ပြေအောင်တော့ ကျမတို့ လုပ်ရတာပဲ၊ ရေယာဉ် တွေကတော့ သူတို့စစ်တပ်မိသားစုနဲ့ ဝန်ထမ်းတွေ အသွားအလာများတာပေါ့၊ မြို့က စီးပွားရေး လုပ်မရတာ ကြာပြီ စစ်တပ်မိသားစုနဲ့ ဝန်ထမ်းတွေအတွက် အရောင်းအဝယ်လေး ရှိနေတာ။ အခုတော့ ထွက်ကြတယ်။ သူတို့မိသားစုတချို့ ပြောင်းနေပြီ စစ်ပွဲက မြို့ပေါ်ကပ်လာတယ်။ ဒါပေမယ့် မြို့သိမ်းဖို့ ဘာညာဆိုတာကတော့ ပြောလေ ဒေသခံကို စစ်တပ်က နှိပ်စက်လေပဲ စစ်တွေမြို့ခံ လက်လုပ်လက်စားတွေက ပိတ်မိနေပြီ။ တပ်ရင်း တပ်ဖွဲ့တွေက စစ်သားနဲ့ ဆက်နွယ်သူတွေက မြို့ပေါ်မှာ ပိုများတယ်။ စီးပွားရေးကိုလည်း သူတို့ဆက်လုပ်နေတာ ပဲ” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေမြို့ပြင် စစ်တွေ – ပုဏ္ဏားကျွန်း အစပ်၊ စစ်တွေ – ရသေ့တောင် အစပ်နှင့် စစ်တွေမြို့အနီး ငပြီကျွန်းတို့တွင် AA နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်တွင် စစ်အုပ်စုတပ်သည် စစ်ရေးပြင်ဆင်မှုအပြင် ရိက္ခာစုဆောင်းခြင်းနှင့် ခံစစ်ပြင်ဆင်ခြင်းတို့ကို အဓိက လုပ်ဆောင်လျက်ရှိသည်။

ဒကစ ကွပ်ကဲမှုအောက်ရှိ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများဖြစ်သည့် ခလရ – ၂၀၊ ခလရ – ၂၃၂၊ ခလရ – ၂၇၀၊ ခမရ – ၃၄၄၊ ခမရ – ၃၅၄ တို့နှင့်အတူ မြို့အတွင်းရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် အမှတ် (၃၆) တပ်ရင်းတို့တွင် တပ်မိသားစုများကို အဆင်သင့်ထားရှိပြီး စစ်အုပ်စုတပ်သည် နေ့စဉ် စစ်ကြောင်းများ ပြင်ဆင်လျက်ရှိသည်။

စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်း တစ်လျှောက်ရှိ အမြင့်ကျွန်းကျေးရွာဝန်းကျင်၊ မင်းချောင်းတံတားနှင့် ကွမ်းတောင်ကြားရှိ နေရာအချို့၊ ဝါဘိုနှင့် ခမောင်းတောဘက်တို့တွင်လည်း နေ့စဉ် ပစ်ခတ်မှုရှိနေကာ စစ်တွေ အခြေစိုက် စစ်အုပ်စုတပ်ရင်းများက တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲချလျက်ရှိသည်။

ပုံစာ – စစ်တွေမြို့တွင်း မြင်ကွင်းတစ်ခု။ / ဓါတ်ပုံ Crd – Original uploader