မိုးမိတ်တိုက်ပွဲတွင် စစ်အုပ်စုတပ် အထိနာပြီး စစ်သုံ့ပန်းများ ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်အုပ်စုတပ်ဘက်က အထိနာကာ အရာရှိ များ အပါအဝင် စစ်သုံ့ပန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဖမ်းဆီးရမိထားပြီး အနီးဝန်းကျင် ကျေးရွာ များမှ ဒေသခံများကိုလည်း စစ်အုပ်စုတပ်က လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားကြောင်း စစ်ရေး သတင်း ရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာအနီးရှိ စစ်အုပ်စုတပ်၏ ကာကင်းစခန်း အများ စုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ထို့ပြင် မိုးကုတ်မြို့ဘက်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကူတက်လာသည့် စစ်ကြောင်းနှင့်လည်း တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့ရာ စစ်ကြောင်းမှူး ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၃၀ ခန့် သေဆုံးခဲ့ကာ အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တိုက်ပွဲများအပြီး နိုဝင်ဘာလ ၂၄ ရက်နေ့နှင့် နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတို့တွင် မိုးမိတ် တိုက်ပွဲ ငြိမ်သက်နေသေးသော်လည်း စစ်အုပ်စုတပ်သည် မိုးမိတ်သို့ စစ်ကူပို့ရန် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် (တတက-၁၃) တွင် ပြင်ဆင်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းတည့်ပိုင်း အချိန်ထိ စစ်ကူ မပို့နိုင်သေးပေ။

မိုးမိတ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကြားရှိ မိုးမိတ်-မန္တလေး စစ်ကူထောက်ပို့လမ်းကြောင်းပေါ်မှ ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်းကျေးရွာများရှိ စစ်အုပ်စုတပ်စခန်း ၃ ခုကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် KIA တပ်မဟာ ၄၊ တပ်မဟာ ၁၁၊ ABSDF နှင့် KPDF ပူးပေါင်းတပ်များက တစ်ပြိုင်နက် သိမ်းပိုက် ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မိုးကုတ် – မိုးမိတ် အခြေအနေကလည်း အစသူတို့ စစ်ကြောင်းတွေ ထိုးလာတဲ့ အချိန်မှာကတော့ အဲဒီ မိုးမိတ်မြို့နဲ့ ကျနော်တို့ မဘိမ်း ကချင်ပြည်နယ်ဖက်မှာ ၉ မိုင်လောက်အထိ နေရာယူပြီးမှ လှုပ်ရှားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကတော့ KIA နဲ့ ပူးပေါင်းတပ်တွေက အဲဒီသူတို့ ကျွံနေတဲ့ဟာတွေကို ပြန်ပြီးမှ တိုက်ခိုက် ချေမှုန်းတဲ့ အခါကျတော့ အခုတော့ မိုးမိတ်မြို့ကနေ လေးမိုင် ငါးမိုင်ပေါ့ အဲလောက်အထိ သူတို့ ပြန်ဆုတ်ပြီးမှ နေတာ တွေ့ရပါတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်မှ ၅ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရကာ ရဲကွန်မန်ဒိုတစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက် တိုက်ပွဲများအတွင်း မိုးမိတ်မြို့အနီးရှိ အရေးပါသည့် တပ်စခန်းနေရာ ၄ ခု ကို လည်း KIA နှင့် ပူးပေါင်းတပ်များ သိမ်းယူထားကြောင်း KIA က ထုတ်ပြန်ထားသည်။

ဗိုလ်မှူးကြီးနော်ဘူက “KIA နဲ့ ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ သူတို့နဲ့ ထိတွေ့ ရင်ဆိုင် တိုက် ပွဲတွေတော့ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒရုန်းနဲ့ လက်နက်ကြီးနဲ့ မော်တာတွေ နဲ့ အချင်းချင်း အပြန်အလှန် ထုတာတော့ ရှိပါတယ်” ဟု ပြောသည်။

စခန်းများ ဆုံးရှုံးပြီးနောက် စစ်အုပ်စုတပ်သည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းတွင် သပိတ်ကျင်း တွင်းငယ် တတက (၁၃) တပ်တွင်းသို့ ရဟတ်ယာဉ် ၃ စီးဖြင့် စစ်ကူပို့ဆောင်ခဲ့သလို မတ္တရာဘက်မှလည်း စစ်ကားများ တက်လာနေပြီး မိုးမိတ်ဘက်မှ ခလရ (၂၂၃) တပ်များက မြေပြင်ထိုးစစ်ဆင်ကာ ဂျက်တိုက်လေယာဉ်၊ ရဟတ် ယာဉ်များဖြင့် ဗုံးကြဲနေသဖြင့် မိုးမိတ်-မြစ်ဆုံလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသည်။

မိုးမိတ် – မဘိမ်းလမ်းတစ်လျှောက် ထိုးစစ်မအောင်မြင်ဘဲ နိုဝင်ဘာလ ပထမပတ်တွင် စစ်အုပ်စုတပ်က မိုးမိတ် မြောက်ဘက်ရှိ ၇ မိုင်၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများ၌ တပ်စွဲခဲ့ပြီးနောက် ကျေးရွာ ၃ ရွာမှ ဒေသခံများကို အဝင် အထွက်ပိတ်ပင်ကာ လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင်လည်း ၇ မိုင်ကျေးရွာမှ ရွာသားများကို ထွက်ခွာခိုင်းပြီးနောက် နေအိမ်များမှ ဆန်၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့သည်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ရွာသားတွေက တိုက်ပွဲကြား ပိတ်မိမှာစိုးလို့ ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ စစ်သားတွေက ခွင့်မပြုဘူး။ နောက်ပိုင်း ရွာထဲက လူတွေကို ထွက်ခိုင်းပြီး အိမ်တွေထဲက ရိက္ခာနဲ့ ပစ္စည်းတွေကို ယူသွားကြတာမျိုးတွေလည်း ရှိတယ်။ တိုက်ပွဲထဲ လူတွေဒဏ်ရာရတာလည်း ရှိတယ်” ဟု ပြောသည်။

ထို့ပြင် မိုးမိတ်မြို့နှင့် ၂ မိုင်အကွာအထိ စစ်အုပ်စုတပ် ဆုတ်ခွာခဲ့ရသည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဒေသခံများကို မြို့အဝင်အထွက် ကန့်သတ်ကာ စစ်ဘေးရှောင်ခွင့် မပေးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်အရ ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အတွင်း ကျောက်တောင် (၇ မိုင်) ကျေးရွာကို လေကြောင်းမှ Mi-35 ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့သည်။

လက်ရှိတွင် တိုက်ပွဲသံများနှင့်အတူ လေယာဉ်ပျံသန်းသံများကို မကြာခဏ ကြားနေရသောကြောင့် ကျေးရွာ များတွင် ကျန်ရှိနေသူများနှင့် တိမ်းရှောင်ရန် ကြိုးစားနေသူများမှာ အသက်လုပြီး နေထိုင်နေရသည့် အခြေအနေ ဖြစ်နေသည်။

ပုံစာ – စစ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မိုးမိတ်မြို့တွင်းမှ အဆောက်အအုံများ။ – ပုံဟောင်း / ဓါတ်ပုံ Crd ပေးပို့