အမုန်းစကားက လက်နက်ကိုင်ပဋိပက္ခကို လက်နက်သစ်များအဖြစ် အားဖြည့်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ သီပေါမြို့၊ တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒီရွာ ကလေးက ရွာသားတွေ အတွက်ကတော့ သေနတ်သံနဲ့ အမြောက်သံတွေက အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူတို့အတွက် အသစ်ဖြစ်နေတာကတော့ စွမ်းအား ပိုပြီး မနည်းလှတဲ့ စစ်တိုက်နည်းအသစ် တမျိုးဖြစ်ပါတယ်။ ဒါကတော့ ရဖို့ခက်ခဲတဲ့ ငြိမ်းချမ်းရေးအတွက် ရုန်းကန်နေတဲ့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ တစ်ခုနဲ့တစ်ခု ကွဲပြားစေတဲ့ အွန်လိုင်းတိုက်ပွဲတွေ ဖြစ်ပါတယ်။

ဒီမှာရှိတဲ့ ရွာသားတွေ အတွက်သာမက အနီးပတ်ဝန်းကျင်ဖြစ်တဲ့ ကျောက်မဲ၊ နမ္မတူ နဲ့ လားရှိုးမြို့နယ်က ရွာသားတွေအတွက်က ယဉ်ပါးနေတဲ့ တိုက်ပွဲသံတွေဟာ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းတွေကို ထွက်ပြေးခိုလှုံဖို့ အချက်ပေးတဲ့အသံပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အွန်လိုင်း ပဋိပက္ခကနေတော့ ထွက်ပြေးဖို့ မလွယ်လှပါဘူး။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသား အုပ်စုတွေ အကြားမှာ ဆက်ဖြစ်နေတဲ့ စစ်နည်းဗျူဟာအတွက် စစ်တလင်းဖြစ်လာနေတာကတော့ လူမှုမီဒီယာ ဖြစ်ပါတယ်။

ဒါဟာ ရှမ်းနဲ့ တအာင်း လူမျိုးစုတွေကတော့ မြန်မာနိုင်ငံရဲ့ လူမျိုးစု “၁၃၅” စုလို့ ပြောတဲ့ အထဲက လူမျိုးစုနှစ်စု ဖြစ်ပါတယ်။ ဒီလူမျိုးစုတွေရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နဲ့ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA0 တု့ိဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်နေကြတာလဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ သူတို့တွေဟာ အတူတကွ နေထိုင်ခဲ့ကြပေမယ့် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုးပမ်းမှုကို သူတို့ တုန့်ပြန်ကြတဲ့ အခါမှာတော့ သူတို့ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အကြားမှာ ကွဲပြားလာခဲ့ကြပါတယ်။ နိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကနေ အသွင်ကူးပြောင်းလာတဲ့ အချိန်ကစလို့ နိုင်ငံရေးအရ ပိုမိုလွတ်လပ်လာတဲ့ ပတ်ဝန်းကျင်မှာ လူမှုမီဒီယာဟာ တိုင်းရင်းသား အုပ်စုတွေ အတွက် အသုံးပြုစရာ မုန်းတီး မှုတွေအတွက် နေရာတစ်ခု ဖြစ်လာပါတယ်။ RCSS နဲ့ TNLA အကြား ဖြစ်ပွားလာနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ပိုပြီးခက်ခဲသွားစေခဲ့ပါတယ်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ရက် (SWAN) အဖွဲ့ဟာ ၁၉၉၉ ကစပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာခဲ့တဲ့ ရှမ်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရှမ်းအမျိုးသမီးတွေရဲ့အဖွဲ့ ဖြစ်ပါတယ်။

“ဒါတွေကလည်း စစ်ပွဲတွေကြောင်ပဲ ကျမတို့ ပြည်သူလူထုတွေ ပျက်ပြားလာတာ ရှိလာတာပေါ့နော။ စစ်ပွဲတွေ ပဋိပက္ခတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ ဒီလိုမျိုး လူမျိုးရေး တင်းမာမှုတွေတော့ ရှိလာတာတွေ တွေ့ရတယ်ပေါ့နော။ အဲဒါလည်း ကျမတို့အတွက်တော့ တအားစိုးရိမ်ပါတယ်။ ဒါတွေက မဖြစ်သင့်တဲ့ဟာတွေပေါ့နော အမှန်ဆိုလို့ရှိရင် ဒီလိုမျိုးစစ်ပွဲက လူမျိုးရေး မဟုတ်ဘူး။ RCSS ဆိုလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီပေါ့နော တအန်းဆိုလည်း တအန်းပြည်လွတ်မြောက်ရေးတပ်ပေါ့နော စစ်တပ် ၂ ခုကြားမှာ ဖြစ်တဲ့ ပဋိပက္ခတွေပဲ ဒါတွေက ပြည်သူလူထုနဲ့ အဲလိုမျိုး မဆိုင်တာတွေပေါ့ အဲလိုမျိုးတွေ အဲကြောင့် တစ်ချို့က ဒီဆိုရှယ် မီဒီယာတွေမှာ ပိုပြီးတော့မှဖွတော့ လူမျိုးရေး မုန်းတီးမှုတွေက ပိုပိုပြီးတော့ များလာတယ် အဲဒီဟာတွေပေါ့” နန်းဟိန်း (ဒါရိုက်တာ) ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN)

လူမျိုးစုနှစ်ခုနဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ် ဆွေးနွေးချက်တွေမှာ ဆဲဆိုသံတွေ ပြည့်လာခဲ့ပါတယ်။ RCSS က ကြီးကြပ်တဲ့ တိုင်ဖရီးဒမ်း ဖေ့ဘွတ်စာမျက်နှာ သာမက TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးရဲ့ လူမှုမီဒီယာ အကောင့်တွေအောက်မှာ ဆွေးနွေးချက်တွေက တဖက်နဲ့ တဖက် ဒေါသတွေ၊ စော်ကားမှုတွေ ပြည့်နှက်လာခဲ့ပါတယ်။

ရှမ်းနာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တွေက တအာင်းလူမျိုးတွေနဲ့ ခေါင်းဆောင်တွေကို ကျိန်ဆဲ ဆဲဆိုနေသလို တအာင်းနာမည်နဲ့ အကောင့်တွေကလည်း ရှမ်းလူမျိုးတွေနဲ့ ခေါင်းဆောင်တွေကို အလားတူ လုပ်နေကြပါ တယ်။

ယေဘူယျအားဖြင့် ဆိုရင်တော့ ရှမ်းသံတော်ဆင့် ဒါမှမဟုတ် သတင်းနဲ့ မီဒီယာကွန်ရက်စတဲ့ ရှမ်းပြည်နယ်က အကြောင်းအရာတွေကို ဖော်ထုတ်ရေးသားနေတဲ့ သတင်းဌာနတွေကတင်တဲ့ သတင်းတွေအောက်က ထင်မြင်ချက်ပေးတဲ့ နေရာတွေမှာ အွန်လိုင်း ထိုးစစ်တွေကို ပြင်းပြင်းထန်ထန် တွေ့ရလေ့ရှိပါတယ်။ ဒေါသသံတွေနဲ့ “သတ်ပစ်” ဆိုတာမျိုးတွေ၊ ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲဆိုမှုတွေကို တွေ့ရလေ့ရှိပါတယ်။

သတင်းအတုတွေ၊ သတင်းများတွေ၊ ပြုပြင်ထားတဲ့ ဓါတ်ပုံတွေ ဒါမှမဟုတ် အချက်အလက်များတွေက ရှမ်းပြည်မြောက်ပိုင်းမှာ ရှိနေပြီးဖြစ်တဲ့ တင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

၂၀၁၁ က စပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ နောက်ကွယ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက လူမျိုးစုတွေကြားက တင်းမာမှုတွေက လူမျိုးစုလူထုတွေကို အမုန်းတရားပိုပြီး ပွားစေခဲ့ပါတယ်။ အစောပိုင်းက အမုန်းစကားရေးသားတဲ့ အကောင့်တွေမှာ မြန်မာနာမည်တွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အဲဒီနာမည်တွေက တိုင်းရင်း သား နာမည်တွေအဖြစ် ပြောင်းသွားတာလဲ တွေ့ရပါတယ်။

ရှမ်းနာမည်တွေက စိုင်းနဲ့စပြီး တအာင်းနာမည်တွေက မိုင်းနဲ့စတာကြောင့် ဘယ်သူက ဘယ်ဖက်ဆိုတာ ထင်ရှားစေပါတယ်။

“လိုင်းပေါ်မှာ ‘စိုင်း’ နာမည်၊ ‘မိုင်း’ နာမည်တွေ့ပြီဆိုရင် အပြန်အလှန် ဆဲကြပြီပေါ့နော်။ မင်းကဘယ်သူလဲ၊ မင်းနေတဲ့နေရာက မင်းရဲ့နယ်မြေမဟုတ်ဘူး။ ကိုယ့်ရဲ့နယ်မြေဆိုပြီးအပြန် အလှန်ဆဲတဲ့ကိစ္စတွေပေါ့နော်၊ ဒါတော်တော်ဆိုးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့။ ဘယ်နေရာမှ တွေ့ကြမလဲ သတ်ကြမယ်၊ ဖြတ်ကြမယ်၊ ကျနော်တို့ ရှမ်းတွေက တအာင်းတွေတွေ့ရင် အကုန်လုံးသတ်ပစ်ရမှာ၊ ကျနော်တို့ တအာင်းတွေက ရှမ်းတွေတွေ့ရင် သတ်ပစ်ရမှာ ဆိုတဲ့ကိစ္စမျိုးတွေက ရှိနေတယ်ပေါ့နော်။ ဒါကလည်း ‘မိုင်း’ တိုင်း ကလည်း ‘စိုင်း’ လည်းဖြစ်နိုင်တယ်၊ ‘စိုင်း’ တိုင်းကလည်း ‘မိုင်း’ လည်းဖြစ်နိုင်တယ်။ ဆိုတော့ ‘စိုင်း’ နဲ့ ‘မိုင်း’ နှစ်ခုစလုံးက ‘စိုင်း’ လည်းမဟုတ်၊ ‘မိုင်း’ လည်း မဟုတ်လည်း ဖြစ်နိုင်တယ်။ အခြားသူလည်းဖြစ်နိုင်တယ်” မိုင်းဆါည်ရံက် (အထွေထွေအတွင်းရေးမှူး) တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့

၂၀၁၈ စက်တင်ဘာ နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုမှာတော့ သူတို့ တပ်မတော်တွေ အပါအဝင် တအားန်နဲ့ ရှမ်း လူမျိုးစုအကြားက တင်းမာနေပြီးဖြစ်တဲ့ အခြေအနေကို သတင်းမှားတွေက ပိုပြီးအဆိပ်သင့် စေခဲ့တာကို ပြသနေပါတယ်။ TNLA က မူဆယ်က ရှမ်းအမျိုးသမီး တစ်ဦးဖြစ်တဲ့ နန်းမိုခမ်းကို TNLA စစ်သားတွေ ရှိနေတာကို စစ်တပ်ကို အကြောင်းကြားတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။ TNLA စစ်သား ၂ ယောက် ဟာ နန်းမိုခမ်းရဲ့အိမ့်ကို လာပြီးနောက်မှာ အစိုးရစစ်တပ်နဲ့ထိတွေ့မှုဖြစ်ပြီး တစ်ယောက်သေ တစ်ယောက် ဒဏ်ရာရခဲ့တာပါ။

သိပ်မကြာခင်မှာပဲ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ သတင်းမှားတွေ အပြိုင်အဆိုင် ပေါ်လာပါတယ်။ TNLA က ထိန်းသိမ်းထားတုန်းမှာပဲ နန်းမိုခမ်းကို သတ်ပစ်လိုက်ပြီးဆိုတဲ့ သတင်းတွေပါ။ နမ့်ခမ်းက ရှမ်းတွေက အဲဒါကို ယုံကြည်တဲ့အတွက် ရှမ်းနဲ့ တအာင်းတွေကြားက တင်းမာမှုတွေကို ပိုဆိုးစေခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းက မမှန်ပါဘူး။ တခြားတိုင်းရင်းသားအဖွဲ့တွေရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မကြာခင်မှာပဲ နန်းမိုခမ်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။

စိုင်းမိဏ်းက ရှမ်းသံတော်ဆင့်သတင်းစဉ်ရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။ ချင်းမိုင်၊ တောင်ကြီးနဲ့ လားရှိုးမှာ ရုံး ခွဲတွေရှိပြီး သတင်းတွေ ရေဒီယိုနဲ့ ရုပ်သံတွေကို အွန်လိုင်းကနေ ရှမ်း၊ မြန်မာနဲ့ အင်္ဂလိပ်ဘာသာတွေနဲ့ ထုတ်လွှင့်ပါတယ်။ အဲဒီရက်တွေမှာတော့ စိုင်းမိဏ်းနဲ့ သူ့သတင်းအဖွ့ဲတွေဟာ ရှမ်းနဲ့တအာင်းလူမျိုးတွေ အကြား တင်းမာမှုကို ပိုမိုဆိုးရွားသွားစေမဲ့ သတင်းမှားတွေ မသုံးမိဖို့အတွက် သတင်းအချက်အလက်တွေ၊ သတင်းရင်းမြစ်တွေကို အထူးစီစစ်ခဲ့ကြရပါတယ်။

“ရှင်းရှင်းပြောရရင် ၂၀၁၅ မတိုင်ခင်တုန်းကတော့ TNLA နဲ့ အစိုးရတပ်မတော်ကြားနဲ့ ဖြစ်ပွားတဲ့ ပြသာနာဆိုတော့လေ သတင်းရေးရတဲ့နေရာမှာ ကျနော်တို့ အခက်အခဲဖြစ်တာက တပ်ပိုင်းကိုပဲ ကျနော်တို့က ဆက်သွယ်မေးမြန်းဖို့ ခက်ခဲတယ်။ ကြိုးစားဆက်သွယ်ပေမယ့်လည်း အရမ်းခက်တာပေါ့နော လက်ခံဖြေကြားတဲ့သူ မရှိဘူး။ အခုလက်ရှိဖြစ်လာနေတဲ့ဟာက လူတစ်ယောက်အသတ်ခံရတယ်။TNLA ကနေသတ်တယ် RCSS ကနေသတ်တယ်။ အဲလိုမျိုးတွေ တော်တော်လေးကို ထိန်းပြီးတော့မှ အမုန်းစကားလေးတွေ တော်တော်လေးကို ဂရုစိုက်ပြီးတော့မှ လုပ်လာရတဲ့ အပိုင်းမှာရှိတယ်။ ဖြစ်ပွားမှုကလည်း များလာတယ်။ လုပ်ရတာလည်း တော်တော်လေး ကိုခက်ခဲလာတယ် အဲလိုမျိုးတွေ ဖြစ်လာတယ်” စိုင်းမိဏ်း (အယ်ဒီတာချုပ်) သျှမ်းသံတော် ဆင့် သတင်းစဉ်

ရှမ်းနဲ့ တအာင်းကြားက တိုက်ခိုက်မှုတွေက မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေ နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေကြားမှာ လက်နက်ကိုင် ပဋိပက္ခ ဘယ်လိုပိုဆိုးစေသလဲ ဆိုတာရဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။ RCSS က ၂၀၁၅ ခုနှစ်ကစပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်း ၁၀ ခုထဲမှာ ပါဝင်ပြီး TNLA ကတော့ လက်မှတ်မထိုးခဲ့ပါဘူး။

အပစ်ရပ် သဘောတူညီချက်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးကို ယူဆောင်မလာနိုင်ခဲ့ပါဘူး။ တကယ်တော့ ၂၀၁၅ ခုနှစ်က စလို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ အသွင်သဏ္ဍာန် ပြောင်းလဲလာခဲ့ပါတယ်။။ အရင်တုန်းက တိုက်ပွဲအများစုဟာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား တပ်မတော်တွေအကြား ဖြစ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတွေနဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားတွေအကြားက တိုက်ပွဲတွေ ဖြစ်လာနေပါတယ်။

ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ RCSS ရှမ်းပြည်တပ်မတော်က သူ့တပ်ဖွဲ့တစ်ချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတွေကို ရွှေ့ပြောင်းတဲ့ အချိန်မှာ RCSS နဲ့ TNLA ကြားက တင်းမာမှု ပိုမြင့်လာခဲ့ပါတယ်။ မြောက်ပိုင်းမှာ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ TNLA ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ပြဿနာတွေ ပေါ်လာခဲ့တာပါ။

ဒီလို ပဋိပက္ခတွေ ပြင်းထန်လာတာဟာ သတင်းသမားတွေအတွက်တော့ ခက်ခဲတဲ့ အချိန်တွေဖြစ်တယ်လို့ လားရှိုးအခြေစိုက် တအာင်း သတင်းဌာနဖြစ်တဲ့ မားနဂါးသတင်းဌာန အယ်ဒီတာချုပ် မိုင်နိုင်နိုင်ဦးက ပြောပါတယ်။

တချို့ဒေသခံ သတင်းအုပ်စုတွေက တိုင်းရင်းသား အမည်ဖော်ပြချက်ဖြစ်တဲ့ တအာင်း ဒါမှမဟုတ် ရှမ်းကို သူတို့နာမည်တွေမှာ သုံးပါတယ်။ ဒါပေမယ့် ဒါဟာသက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အမြင်မျိုးတွေကို တဖက်မှာ ဖြစ်စေပါတယ်။ ရှမ်းသံတော်ဆင့် အယ်ဒီတာ စိုင်းမိဏ်းက ဒီလိုအမြင်လွှဲမှားမှုတွေဟာ သတင်းဌာနတွေရဲ့ အလုပ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်စေတယ်ဆိုတာကို သဘောတူပါတယ်။ တခြားတိုင်းရင်းသား သတင်းဌာနတွေအတွက်လည်း အလားတူ ဖြစ်ပါတယ်။

“ဘယ်လိုယုံကြည်မှုအားနည်းသွားလဲဆိုရင်တော့ အရင်တုန်းက RCSS နဲ့ TNLA ကြားထဲကဖြစ်တဲ့ ပြသာနာဆိုတော့ RCSS နဲ့ဆိုင်တဲ့ ဒီတိုက်ပွဲတစ်ချို့တွေပေါ့နော TNLA နဲ့ဆိုင်တဲ့ တိုက်ပွဲတွေ ဒီနှစ်ဖွဲ့ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်သွယ်မေးမြန်းတဲ့ နေရာမှာ အထင်လွဲခံရတယ်။ ဥပမာ ဘယ်လို အထင်လွဲခံရသလဲဆိုတော့ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ သတင်းဌာနက RCSS နဲ့ပတ်သက်တယ် ဆက်နွယ်တယ် ဆိုပြီးတော့မှ TNLA ဖက်က သိပ်ပြီးတော့ သတင်းမပေးချင်ဘူး။ ကျနော်တို့ ရှမ်းသံတော်ဆင့်ဆိုကတည်းက ရှမ်းဆိုတဲ့ နာမည်ကြီးကပါနေတော့ ဒါကရှမ်းဖက်ကို ဘက်လိုက်မှာပဲ ဆိုတဲ့ပုံစံနဲ့ ရှိလာတယ်။ ကျနော် တို့ SSPP ဖက်ကို သတင်းရေးလို့ရှိရင်လည်း ဒီ RCSS က SSPP ဖက်များ ဒီအဖွဲ့က ရေးလားပေါ့။ ဥပမာ RCSS သတင်းသွား လုပ်နေလဲ SSPP က ဒီအဖွဲ့က နယ်စပ်မှာ နေတယ်ဆိုတော့ ဒီ RCSS နဲ့များ တစ်ဖွဲ့တည်း ဖြစ်နေမ ားဆိုတဲ့ မယုံကြည်မှုတွေပေါ့နော ဒီကြားထဲမှာ ကျနော်တို့ လုပ်လာရတာ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်လာတယ်။ ထိန်းလည်း တော်တော်ထိန်းပြီးတော့မှ လုပ်လာတယ်” စိုင်းမိဏ်း (အယ်ဒီတာချုပ်) သျှမ်းသံတော်ဆင့် သတင်းစဉ်

RCSS နဲ့ TNLA က ပုံမှန်ပဲ သူတို့ အကြားမှာ သတင်းနဲ့ စစ်ရေး မျက်နှာပြင် နှစ်ခုစလုံးမှာ အပြန်အလှန် စွပ်စွဲချက်တွေ ရှိကြပါတယ်။

TNLA အဖွဲ့က ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ RCSS အပေါ် သူတို့ရဲ့ အမြင်ကို ပြောပြပါတယ်။
“အဲမျိုးပြန်ဖြစ်တဲ့အချိန်ကျတော့ ဒီ RCSS က သူကသူရဲ့ တိုက်ကွက်ပုံစံပေါ့ တိုက်ပွဲဖြစ်လာလို့ရှိရင် လူထုကို တစ်ခုမဟုတ်တစ်ခု လူမျိုးကြား နှစ်ခုမှာ ပဋိပက္ခဖြစ်အောင် လူထုတွေက ကျနော်တို့အဖွဲ့ကို အထင်အမြင်လွဲအောင် သတင်းအတုတွေ တင်တာတို့ မဟုတ်မမှန်တဲ့ သတင်းတွေတင်တာတို့ ပြီးရင်လူထုကို ဒုက္ခပေးတာတို့ အဲလိုမျိုး ဦးတည်ပြီးမှ လုပ်တာပိုပြီးများတယ်။ တစ်ချို့နေရာမှာ သူက တိုက်ပွဲကြောင့်ပြေးရသလို တစ်ချို့နေရာမှာ တိုက်ပွဲကြောင့် မဟုတ်ပဲနဲ့ RCSS ရဲ့ ဟိုဟာ လူထုအပေါ်မှာ ဒုက္ခပေးနေတဲ့ကိစ္စကြောင့်မို့လို လူထုက ရွေ့ ပြောင်းရတာလည်းရှိတယ်။ အဲကြောင့်မို့လို့ တစ်ချို့မီဒီယာပေါ်မှာ အထူးသဖြင့် တိုင်းဖရီးဒမ်း သူက မကြာခဏ လွှင့်တယ်။ သူက မဟုတ်မမှန်တဲ့ သတင်းတွေ ဒီလူထုနဲ့ ကျနော်တို့ကြားမှာ အထင်အမြင်လွဲမှားစေမယ့် သတင်းတွေ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာ အထင်အမြင်လွဲမှားစေတဲ့ သတင်းမျိုးတွေ အဲလိုမျိုးဖန်တီးလာတဲ့အတွက် စောစောပြောသလို ဒုက္ခပေးနေတဲ့အတွက် လူထုက ထွက်ပြေးရတာရှိတယ်။ သူကအထင်အမြင်လွဲအောင် လူထုစိတ်ဝမ်းကွဲစေတဲ့ဟာမျိုးတွေ အဲမျိုးတွေလည်း ရှိလာတယ်။” ဗိုလ်မှူး မိုင်းအိုက်ကျော် (ပြောခွင့်ရ) TNLA

RCSS အတွက်ကတေ့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောပါတယ်။
“ဒီစိပ်စိပ်ဖြစ်လာတယ်ဆိုတာကတော့ ပိုပြီးတော့ ကျနော်တို့ အမြင်သဘောထားတွေ ကွဲလွဲလာတယ်လို့ ကျနော်တို့ မြင်ရတယ်။ တစ်ဖက်က သူတို့မြင်တာက ကျနော်တို့ NCA ကိုအကြောင်းပြပြီးတော့ ကျနော်တို့ နယ်မြေတိုးချဲ့တယ်လို့ ပြောတယ် အမှန်ကတော့ ကျနော်တို့ကလည်း အဲဒီအနေအထားတော့ မရှိဘူးပေ့ါနော။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်း ကျနော်တို့လည်း ပြောဆိုခဲ့တယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီမြောက်ပိုင်းနယ်မြေမှာ ကျနော်တို့ လှုပ်ရှားတဲ့ တပ်တွေလည်း ရှိခဲ့ တယ်။ရှိလည်း ရှိပြီးသားဖြစ်တယ် ၂၀၀၆ ခုနှစ်ကတည်း ကပေါ့နော ဒီကစ္စတွေပေါ်မှာ ပိုမိုပြီးတော့ အမြင် လွဲမှားတာတွေရှိတယ်။ တစ်ဖက်မှာလည်း ကျနော်တို့ သံသယဖြစ်စရာရှိတာက ဒီလမ်းကြောင်းတွေက စီးပွားရေးလမ်းကြောင်းနဲ့ ပတ်သက်လို့ကျနော်တို့ ပိုမိုပြီး တိုက်ခိုက်လာသလားဆိုတာ ကျနော်တို့ ပိုမိုပြီး သံသယတွေ ရှိလာတယ်။ အဆင့်ထိရှိလာတာပေါ့နော။” ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း (RCSS/SSA)

ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားများပြားလာတာနဲ့အမျှ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ခမ်းနဲ့ လားရှိုးမြို့နယ်တွေ အတွင်းနဲ့ ပတ်ဝန်းကျင်က ရွာသားတွေအတွက်လည်း အကြောက်တရား ပိုကြီးလာကြပါတယ်။

“ဒီနိုဝင်ဘာထဲမှာတော့ တိုက်ပွဲက နှစ်မျိုးနှစ်ခုရှိတယ်။ တိုက်ပွဲတစ်ခုက မြန်မာ့တပ်မတော်နဲ့ တိုက်တဲ့တစ်ခုဖြစ်တယ်။ နောက်တစ်ခုတော့ RCSS နဲ့ ဖြစ်တယ်။ RCSS နဲ့ ဖြစ်တာကတော့ တဖက်က SSPP/SSA မဟာမိတ်နဲ့ ပူးပေါင်းတာရှိတယ်။ ပြီးတော့ တပ်ဖွဲ့သီးသန့်ဖြစ်တာလည်း ရှိတယ်။ ဒီမြန်မာ့တပ်မတော်နဲ့ ဖြစ်တာကတော့ ဒီလထဲမှာ လေးကြိမ် ငါးကြိမ် တိုက်ပွဲငယ်ဖြစ်တာရှိတယ်။ RCSS နဲ့တော့ မဟာမိတ် SSPP/SSA နဲ့ ပေါင်းပြီးဖြစ်တာရော ကျနော်တို့ သက်သက်ရော အားလုံးပေါင်း ၁၀ ကြိမ်ကျော်တော့ ရှိသွားပြီ။ တိုက်ပွဲကြီးငယ်ပေါ့။” ဗိုလ်မှူး မိုင်းအိုက်ကျော် (ပြောခွင့်ရ) TNLA

၂၀၁၅ မတိုင်ခင်ကတော့ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကြောင့် လူ ပေါင်း ၂၀၀,၀၀၀ လောက် စစ်ဘေးရှောင်နေခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေခဲ့တယ်လို့ UNHCR က ပြောပါတယ်။

မကြာခင်နှစ်များမှာတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုများလာပြီး နဂိုရှိပြီး ဒုက္ခသည်တွေရဲ့ အရေအတွက်ထက်ကို ပိုများလာစေပါတယ်။ ၂၀၁၇ ကနေ ၂၀၁၈ စက်တင်ဘာအတွင်း ရှမ်းပြည်နယ်အတွင်းမှာ လူပေါင်း ၆၈,၀၀၀ လောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတယ်လို့ UNOCHA က အောက်တိုဘာ ဂ ရက် သတင်းလွှာမှာ ဖော်ပြပါတယ်။

တချို့ စစ်ရှောင်ရွာသားတွေအတွက်တော့ ဒါဟာ အိမ်ကထွက်ပြေးရတာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။ တခြားသူတွေအတွက်က လေးကြိမ်မြောက်ဖြစ်ပါတယ်။

TNLA နဲ့ ှSSPP ပူးပေါင်း တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့မှာ သီပေါမြို့နယ်ထဲက နားလော့ရွာမှာ RCSS နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

“သေနတ်သံတွေ တအားကြီးပစ်နေလို့လာတာ။ ခါတိုင်းလည်း သုံးလေးခါလောက်ရှိပြီပေါ့။ ဒီတခါကတော့ အရမ်းပစ်တော့ ပြေးလာကြတာပေါ့။ မဖြစ်စေချင်ဘူး။ ခနခနပြေးနေရတယ်။ အလုပ်လည်း ကောင်းကောင်းမလုပ်ရဘူး။ အသက်ကြီးတဲ့လူတွေဆိုရင် ဒီကိုပြေးလာရတာ လေးခါငါးခါရှိပြီ။ ပြေးလာလိုက် တပတ်လောက်နေလိုက်၊ အခြေအနေကောင်းတယ်ဆိုရင် ပြန်သွားလိုက်။ ကျည်ထိတဲ့လူတွေလည်းရှိတယ်။ အခုလည်း နှစ်ယောက်က ကျည်ထိပြီး ဆေးရုံမှဆိုတော့လေ။ အဲ့မျိုးဆိုတော့ ကိုယ့်ကိုထိမှာလည်း စိုးတယ်ပေါ့။ အဲ့ဆိုအမေတွေကို အရင်ပို့၊ ကလေးတွေပို့၊ ကျမတို့က နောက်ဆုံးမှလာတာ။” (ဒေါ်သက်သက်ခိုင် သီပေါသို့ စစ်ရှောင်လာသူတစ်ဦး)

နမ္မတူ မြို့နယ်ထဲက ပန်လုံရွာတရွာလုံးဟာ သီပေါမြို့ပေါ်က ဘိုးတော်ဘုန်းကြီးကျောင်းကို ထွက်ပြေးခဲ့ရပါတယ်။ ပန်လုံရွာဟာ သက်သက်ခိုင်ရဲ့ ရွာလည်းဖြစ်ပါတယ်။ ရွာသားတွေက သူတို့ဘယ်တော့အိမ်ပြန်ရမယ်ဆိုတော့ မပြောနိုင်ဘူးလို့ ပြောကြပါတယ်။ သူတို့လုံခြုံရေးကိုလည်း ဘယ်သူကမှ တာဝန်မယူပေးနိုင်တော့ပါဘူး။

“ရှင်းရှင်းပြောလို့ရှိရင် လူထုကိုအကာအကွယ်ပေးတဲ့ အဖွဲ့ဆိုတာ မရှိတော့ဘူး မရှိတော့ လူထုရဲ့ လုံခြုံစိတ်ချရမှုဆိုတာလည်း မရှိတော့ဘူး။ ရှမ်းအပါအဝင် တအန်းအပါအဝင် အဲဒီဒေသမှာ နေထိုင်တဲ့ လူမျိုးအားလုံးက စစ်ဘေးစစ်ဒဏ် အထိုးခံနေရတယ်။ လာတဲ့ဖက်ကို ကျွေးနေရတယ် လာတဲ့ဖက်ကို ကြောက်နေရတယ်။ ဥပမာ ဘုန်းကြီးကျောင်းတွေကို ဝင်ပစ်တာတွေ အဲလိုမျိုးတွေရှိတယ် နောက်ဆုံးဘုန်းကြီး အသတ်ခံရတယ်။ ဝါးတွင်းက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးက မနေရဲဘူး။” စိုင်းမိဏ်း (အယ်ဒီတာချုပ်) သျှမ်းသံတော်ဆင့် သတင်းစဉ်

လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပတ်သက်တယ်ဆိုပြီး သံသယနဲ့ ထိန်းသိမ်း ဖမ်းဆီးခံရတဲ့ ရွာသားတွေရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မိုင်းဆါည်ရံက်က တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဖြစ်ပါတယ်။ သူက တအာင်း နဲ့ ရှမ်းလူမျိုးစုတွေ အကြား ပေါင်းစပ်နိုင်အောင် ကြိုးစားနေတာအပြင် တအာင်းကလေးတွေ စာမတတ်မှု လျော့နည်းရေးအတွက်လည်း လုပ်ဆောင်နေတာပါ။

“အထူးသဖြင့်က ကျနော်တို့လူငယ်တွေ၊ လူငယ်အမျိုး သမီးရော အမျိုးသားရောပေါ့နော် တဖက်မှာ တပ်မတော် ရဲ့ TNLA ဒါမှမဟုတ် SSPP ဒါမှမဟုတ် မတရား အသင်းလို့သူတို့ပြောနေတဲ့ ယူဆနေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ့နော် စွပ်စွဲချက်တွေက များပြီးတော့မှ ဖမ်းဆီးတဲ့ကိစ္စတွေတို့၊ သက်သေမခိုင်လုံပဲ မဟုတ်ပဲ မတရားဖမ်းဆီးတဲ့ကိစ္စတွေ၊ နောက်ဆုံး ဖမ်းဆီးပြီးတော့ ရဲထဲအပ်တယ်၊ ဒီအမှုကို မဖြစ်ဖြစ် အောင် ကြိုးစားဆောင်ရွက်နေတဲ့ပုံစံမျိုး ဖြစ်နေတဲ့အမှုတွေက အများကြီးပေါ့နော်။ ဒါက လူငယ်တွေ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတစ်ခုပေါ့” မိုင်းဆါည်ရံက် (အထွေထွေအတွင်းရေးမှူး) တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့

မိုင်းဆန်ရက်က တုတ်တွေ၊ ဓါးတွေ၊ ကြိုးတွေ၊ စိုက်ပျိုးရေး ကိရိယာတွေနဲ့ အတူ တွေ့တဲ့ ရွာသားတွေကို TNLA၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဒါမှမဟုတ် SSPP တို့နဲ့ ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲခံရတာတွေ ရှိတယ်လို့ ပြောပြပါတယ်။

“စွပ်စွဲချင်တိုင်းပေါ့နော် သူတို့စိတ်ပေါက်ပြီး စွပ်စွဲလိုက်တာပဲ။ အဲ့လိုဖမ်းလိုက်တယ်၊ ဖမ်းတာက ရိုးရိုးဖမ်းတာဆိုတာမျိုးပေါ့နော်၊ ပထမဆုံး စဖမ်းတာနဲ့ ရိုက်နှက်တဲ့ကိစ္စတွေ၊ တချို့ဟာတွေက ရိုက်နှက်လို့ လက်လွန်သွားလို့ သေဆုံးသွားတဲ့ဟာမျိုးပေါ့နော်။” မိုင်းဆါည်ရံက် (အထွေထွေအတွင်းရေးမှူး) တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့

နိုဝင်ဘာမှာလုပ်တဲ့ မေးမြန်းခန်းတစ်ခုမှာ မိုင်းဆါည်ရံက် က ‘ရှမ်း’ ရော ‘တအာင်း’ရော လူငယ်တွေ ဘာအကြောင်းမှန်း မသိပဲ ပျောက်ဆုံးကုန်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တု့ိ တအာင်းအသိုင်းအဝိုင်းမှာပေါ့ လေးဆယ်ကျော်ပြီ။ ဘယ်ရောက်သွားလဲ၊ ဘယ်သူက ဖမ်းသွားလဲဆိုတဲ့ ကိစ္စမျိုးတွေက တချို့လူထုကသိနေတယ်ပေါ့နော် အဲ့ဒါ ဘယ်သူဖမ်းသွားလဲဆိုတဲ့ဟာ၊ ဒါပေမယ့် ပြောaပးမယ့်သူက မရှိဘူး။ ဆိုဒါက ပြဿနာ၊ တချို့က လာပြောတဲ့ လူတွေရှိတယ်။“ကျနော်တို့တော့ မပြောရဲဘူး၊ ဘာလို့လဲဆို တချို့အဖွဲ့တွေက ပြောတယ်၊ မင်းတို့ သက်သေ ထွက်ပေးတယ် ပြောပြတယ်ဆိုရင် မင်းတို့အသက်ကိုလည်း အာမမခံဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေရှိတယ် အဲ့ကြောင့် ကျနော်တို့လည်း မလာရဲဘူး၊ မပြောရဘူး” ဆိုတဲ့ကိစ္စတွေပေါ့နော်။ ဒါတွေက တချို့ဆိုရင်တော့ အခုချိန်ထိမတွေ့ရဘူး။ အဲ့ဒီလူတွေက ဘယ် ကိုပျောက်နေလဲ၊ ဘယ်ကိုရောက်နေလဲဆိုတဲ့ဟာက မသိရဘူးပေါ့။ ဆိုတော့ ဒီနမ္မတူမြို့နယ် တစ်မြို့နယ်ထဲကပဲ ၂၀ ကျော်နေပြီ ဆိုတော့ ပျောက်ဆုံးသွားတဲ့သူ အစအနမတွေ့ပဲ ပျောက်ဆုံးသွားတယ်ပေါ့။” မိုင်းဆါည်ရံက် (အထွေထွေအတွင်းရေးမှူး) တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့

ဒေါက်တာ ချာယန်ဗာဟာနပုတီဟာ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်က လူမှုသိပ္ဗံနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုက်တက်ရေး ဒေသဆိုင်ရာစင်တာရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

“ဒီပဋိပက္ခတွေကြောင့် ဘယ်သူတွေက အကျိုးအမြတ်ဖြစ်ထွန်းနေတာလဲ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မတည့် အောင်လုပ်နေတာတွေ၊ အမုန်းပွားအောင်လုပ်နေတာတွေက ပဋိပက္ခတွေအပေါ်မှာ ဘယ်သူက နောက်ကွယ် ကနေ ကြိုးကိုင်နေတာလဲဆိုတာထက် ဘယ်သူတွေက အကျိုးအမြတ်ရှိနေတာလဲဆိုတာ သိဖို့လိုတယ်။” Dr. Chayan Vadhanaphuti

အထူးသဖြင့် ဖွင့်ထားပေးပြီး အမြောက်အများဖြစ်နေတဲ့ သတင်းမှားတွေ၊ အမုန်းစကားတွေကို စစ်လက်နက် တစ်ခုလို အသုံးပြုခဲ့တဲ့အတွက် ရှမ်းနဲ့ တအာင်းတွေအကြားက ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးဟာ အလုပ်တွေ အများကြီးလုပ်ကြရမှာ ဖြစ်ပါတယ်။

“ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ တအန်းလူထုကလည်း သူ့တပ်ကို သူအားပေးတာပေါ့ ရှမ်းလူထုကတော့ သူက RCSS ထောက်ခံတဲ့သူရှိတယ်။ SSPP ထောက်ခံတဲ့သူရှိတဲ့အခါကျတော့ နည်းနည်းသဘောထား ကွဲပြားမှုတွေတော့ရှိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက သူ့တိုင်းရင်းသား လူမျိုးတွေက သူ့ဧရိယာနဲ့သူက ထောက်ခံမှု ရှိကြတဲ့အခါမှာ ကျနော်ခုနက ပြောခဲ့သလိုပဲ တိုင်းရင်းသား လူမျိုးအချင်းချင်းမှာ အမုန်းပွားတဲ့ဟာမျိုး မဖြစ်အောင်လို့ ဂရုစိုက်ကြဖို့လို့တယ်။ အဖွဲ့အစည်း ၂ ခု ပြသာနာက ညှိဖြေရှင်းလို့ရတယ်။ ကျနော်ခုနက ပြောသလို တိုင်းရင်းသား လူမျိုးချင်းချင်း အမုန်းတီးနဲ့ လူမျိုးရေး ပဋိပက္ခဖြစ်ရင် အဲဒါကို ဖြေရှင်းဖို့က အချိန်အရမ်းကြာလေ့ရှိတယ်” (ဦးမောင်မောင်စိုး) မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ

အထက်ပါ သတင်းဆောင်းပါးကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး United Nations Office of the High Commissioner for Human Rights (OHCHR) ၏ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် Southeast Asian Press Alliance SEAPA(seapa.org) အဖွဲ့ ၏ ခွင့်ပြုလျက်ဖြသ့် ထုတ်ဝေခြင်းဖြစ်သည်။ ယခုဆောင်းပါးမှ ဖော်ပြချက်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ တရားဝင် အမြင်သဘောထားများ မဟုတ်ပေ။