EAO အဖွဲ့ အချို့နှင့် PC ထိုင်းနိုင်ငံတွင် အလွတ်သဘော ထပ်တွေ့မည်

 သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉  ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်နေ့။

ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း (EAO) အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန္နဝါရီလ ၁၃ နှင့် ၁၄ ရက်များတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြမည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် မှ အလွတ်သဘော တွေ့ဆုံဆွေး နွေးမှုနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုသည်။

ကျနော်တို့ အလွတ်သဘောပဲ နော်၊ ကျနော်တို့ တစ်ဖွဲ့လား ဘယ်နှစ်ဖွဲ့လဲ ဆိုတာတော့ မသိဘူး၊ ကျနော်တို့ကို သူတို့ အတိအလင်း ပြောထားတာပဲလေနော်၊ တဖွဲ့ချင်းတွေ့မယ်ဆိုတော့ ကျနော်တို့ တစ်ဖွဲ့ချင်း တွေ့တာပဲပေါ့နော်၊ ၁၄ ရက် မွန်းလွဲပိုင်းမှာ တွေ့မယ်လို့တော့ အဲ့လို အဆိုပြုထားတာ ပေါ့၊ ကျနော်တို့ ၁၄ ရက် မွန်းလွဲပိုင်းမှာ တွေ့ကြမယ်ပေါ့၊

အလွတ်သဘောတွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ လုပ်ရိုးလုပ်စဉ်အရ တစ်စုံတစ်ရာ ကြိုတင်ညှိနှိုင်းထားမှုမရှိသေးကြောင်း ခူးဦးရယ် က ဆက်ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တွင် အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးအောင်စိုး အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ ပါဝင်မည့် အဖွဲ့ဝင် ၆ ဦး လာရောက်တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသည်။

သို့သော် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်စစ် သည် ခရီးလွန်နေသောကြောင့် ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ၃ မှ ဦးဆောင်၍ RCSS ကိုယ်စားလှယ် အဖွဲ့မှ အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း မှ ပြောသည်။

ကျနော်တို့လည်း ၁၄ ရက်နေ့လောက် ဖြစ်လိမ့်မယ်၊ ဒါပေမယ့် ဥက္ကဌ တော့ တွေ့ဖြစ်ဖို့တော့ မအားလောက်ဘူး၊ ကျနော်တို့ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ပဲ တွေ့ဖြစ်လိမ့်မယ်၊

နှစ်ဖက်ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ ကဲ့သို့ပင် ကြိုတင်ညှိနှိုင်းထားမှု မရှိထားကြောင်းလည်း ယခုလို ဆက်ပြောသည်။

ကြိုတင်ပြီးတော့ ညှိနှိုင်းထားတာတော့ မရှိဘူးပေါ့၊ အရင်တုန်းက ကျနော်တို့ ညှိနှိုင်းထားတာ ကတော့ ဒီ ဘိုင်အလယ်ထရယ် သဘောတူညီချက်တွေအရ နဲ့ ကျနော်တို့ တပ်မတော်နဲ့ ညှိဖို့ ရှိတယ်ပေါ့ နော်၊ပြီးတော့ တပ်မတော်ကလည်း သူတို့ကလည်း ဒီ ဆွေးနွေးမည့်အဖွဲ့တွေ ဖွဲ့စည်းထားတယ် ဆိုပြီးတော့ ထပ်ပြီးပေါ်လာတယ်၊ အဲ့ဒါကိုလည်း ကျနော်တို့ ကြိုဆိုတယ်ပေါ့၊ ဒါပေမယ့် ဒီ တွေ့မယ်ဆိုတာကတော့ အဲ့ဒီ အဖွဲ့တွေနဲ့လည်း ကျနော်တို့က အချိတ်အဆက်က မရသေးဘူး ဖြစ်နေတယ်၊ အခုတော့ PC နဲ့ပဲပေါ့။

ယခုတစ်ကြိမ် အလွတ်သဘော လာရောက်တွေ့ဆုံဆွေးနွေးမှုတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်လည်း သီးခြားအလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း သီးခြား အတည်မပြုနိုင်သေးပါ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလလယ်ပိုင်း ကလည်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ PC အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO မှ ခေါင်းဆောင်များနှင့် တစ်စို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အလွတ်သဘော လာရောက် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅-၁၆ ရက်များတွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ နေပြည်တော်၌ သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ “တခုတည်းသော တပ်မတော် ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုအဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။