NRPC နှင့် တပ်မတော်ခေါင်းဆောင်များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု RCSS ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇန္နဝါရီ ၁၄ ရက်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်း အဖွဲ့ဝင်များနှင့် တပ်မတော်ခေါင်းဆောင်များကို နေပြည်တော်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံ အပြီးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ပြောသည်။

ရလာဒ်အနေနဲ့ကတော့ ဒီ မကြာခင် အတောအတွင်းမှာပေါ့နော် ခုနပြောသလိုပဲ နေပြည်တော်မှာ RCSS နဲ့ NRPC တွေ့ဖို့ရှိတယ် ပြီးရင် တပ်နဲ့သီးသန့် တွေ့ဖို့ရှိတယ်၊ အဲ့လို တွေ့ဖို့ရှိတဲ့ အခါကြ တော့ အရင်တုန်းက ကျနော်ပြောသလိုပဲ နည်းနည်း တစ်စို့နေတဲ့ ကိစ္စလေးတွေ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေရော ကျနော်တို့ Bilateral စာချူပ်ကိစ္စတွေလည်း ကျနော်တို့ ပြန်ပြီးတော့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဟု RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ယနေ့နက်ပိုင်းက အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အဖွဲ့တို့  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ နာရီကြာ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

 ဒီနေ့ဆွေးနွေးပွဲကို ကျနော်တို့ချူပ်ပြီး ကြည့်လိုက်မယ်ဆိုရင်တော့ ရလာဒ် ရလာဒ် ကောင်းတွေတော့ ကျနော်တို့ ရရှိခဲ့ပါတယ်။ အပြုသဘောလည်း ဆောင်တာပေါ့နော် ခုနပြောသလို လာမည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ဘယ်လိုဆက်လုပ်ရင်ကောင်း မယ်ဆိုတဲ့ နည်းနာတွေ နည်းလမ်းတွေ ကျနော်တို့ ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ တာတော့ အရမ်းအဆင်ပြေတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဌေး က ယနေ့ အစည်းအဝေးနှင့် ပတ်သက်၍ အခုလို ပြောသည်။

ဒါပေမယ့် ကျနော်တို့ နှစ်ဖက်လုံးကတော့ ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေ ဒါတွေအားလုံး ပြေပျောက်သွားဖို့အတွက် နည်းလမ်းတွေ အကောင်းဆုံး နှစ်ဖက်လုံးက ဝိုင်းပြီး ကြိုးပမ်းရှာတယ်၊ ရှာပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့ပေါ့နော် အဲ့ဒါတွေ ပြီးသွားရင်တော့ ငြိမ်းချမ်းရေး Proress ပြန်စတင်နိုင်ဖို့အတွက် ကျနော်တို့က ဆောင်ရွက်သွားဖို့လည်း ရှိတယ်။

 ယနေ့ အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ တက်ရောက်ပြီး RCSS အဖွဲ့တွင် ဗိုလ်ချူပ် ပေါင်ခေး၊  ဗိုလ်မှူးကြီး စိုင်းငင်း၊ စိုင်းလျန်း၊ ဗိုလ်မှူး စင်းသျှန်မိုင် တို့ တက်ရောက်ခဲ့ကြသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလ နေပြည်တော်တွင် ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေး နောက်ပိုင်းတွင် RCSS အဖွဲ့ဟာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွင် ပါဝင်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့ရသည်။ အခြား အရေးပါသော ကရင့်အမျိုးသား အစည်းအရုံး KNU ကလည်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်ခြင်းမှ ယာယီ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ လွန်ခဲ့သော ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ပထမအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသေးသည်။