မွေးကင်းစ ကလေးတစ်ဦး စစ်ရှောင်ရင်း အအေးမိသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်ရာမှ မွေးကင်းစ ကလေးငယ်တစ်ဦး အအေးမိကာ သေဆုံးခဲ့သည်။
ဒေသခံများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲများကြောင့် လားရှိုးမြို့နယ်ရှိ အီနိုင်းဘုန်း ကြီး ကျောင်းသို့ စစ်ဘေး ရှောင်လာကြသည်။
တိုက်ပွဲငြိမ်သွားသည့်အတွက် ဒီဇင်ဘာ ၁၇ ရက်နေ့ က ကျေးရွာသို့ ပြန်သွားသည့်အချိန်တွင် အဆိုပါ ကလေးငယ်မှာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု လားဟူ လွယ်တောက် ကျေးရွာမှ ဒေသခံ လှေးနာခူ က ပြောသည်။
“၁၇ရက်နေ့ညပိုင်းမှာ ရွာပြန်ရောက်လာတယ်၊ အေးလည်းအေးတယ်၊ သူက မွေးခါစ ၅ လပဲရှိသေးတယ်၊ အဲနေ့ကကျတော့ စောင်လည်းမရသေးဘူး အိမ်မှာလည်း မယူလာရဘူး။ သူက အရမ်းငယ်သေးတော့ ဘုန်းကြီးကျောင်းမှာ ကုတင်က အရင်ရောက်တဲ့ လူတွေ အိပ်ရတယ်။ အအေးဒဏ်ကြောင့် အပြန်လမ်းမှာ ကလေးက ဆုံးသွားတာတောင်မသိလိုက်မိဘူး။ ချမ်းတယ်ဆိုပြီး သူအကိုက အကျီဝတ်ပေးမယ်ဆိုပြီးတော့ ကြည့်လိုက်တော့ ကလေးက အသက်မရှိတော့ဘူး။”
စစ်ဘေးရှောင်များမှာ ၎င်းတို့ကျေးရွာသို့ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြန်လည်နေထိုင်နေသော်လည်း ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကျေးရွာအနီးတစ်ဝိုက် ပစ်ခတ်သံများ ကြားလာရသည့်အတွက် ကြောက်လန့်ကာ လားရှိုးမြို့ရှိ မန်ဆူဘုန်းကြီးကျောင်းသို့ တစ်ဖန် စစ်ဘေးရှောင်လာခဲ့ကြပြန်သည်ဟု လွယ်တောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျာတော့ က ပြောသည်။
“၁၆ရက်နေ့မှာလက်နက်ကြီးတွေ ရွာနားမှာ ကျနေလို့ သူတို့ ထွက်ပြေးသွားတယ်။ ၁၇မှာရွာပြန်ရောက်လာ တယ်။ ဒါပေမယ့် ၁၉ ရက်နေ့မှာပြန်ပြီးတော့ ထွက်ပြေးတယ်၊ ဒီလွယ်တောက်ရွာပတ်ဝန်းကျင်မှာ အသံ နည်းနည်း ထွက်နေလို့ အဲကြောင့် ကလေးတွေကိုလည်း ကယ်ဆယ်ရေး ကားကို ကျနော်ခေါ်ပေးလိုက်တယ်၊ ကျနော်တို့ရွာ နားတွေမှာ ပစ်ခတ်သံတွေကြားတော့ ကျောင်းသားတွေရော ကျနော်ကယ်ဆယ်ရေးကား ၆ စီးခေါ်လိုက်တယ် လားရှိုးက မန်ဆူဘုန်ကြီးကျောင်းမှာ ပို့ပေးဖို့ ကျနော်ကူညီတောင်းလိုက်တယ်။ အားလုံး တော့ ခေါ်သွားလိုက်တယ်” ဟု ပြောသည်။
တိုက်ပွဲကြောင့် မန်ဆူဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာကြသည့် ဒေသခံ ၆၀၀ နီးပါးခန့်ရှိပြီး ၎င်းတို့မှာ လွယ်တောက်နှင့် ပန်ဟုန်းကျေးရွာမှ ဒေသခံများ ဖြစ်သည်ဟု မန်ဆူဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာ သည့် လှေးနာခူ က ပြောသည်။
“မနေ့က နေ့လည် ၁ နာရီလောက်ရှိပြီး ထွက်ပြေးလာတာ ရွာနားမှာတိုက်ပွဲတွေဖြစ်နေလို့ပါ။ ဒီမှာရောက် တာက အိမ်ထောင်စုက ၁၀၀ ကျော်ရှိတယ်၊ လူဦးရေကတော့ ၆၀၀ ကျော်လောက်ရှိတယ်”
စစ်ဘေးရှောင်လာကြသည့် ဒေသခံများတွင် ကလေးသူငယ် များစွာပါရှိပြီး လက်ရှိတွင် အနွေးထည်နှင့် စောင် များ အပြင် အစားအသောက်အတွက်လည်း အရေးပေါ်လိုအပ်မှုများ ရှိနေသည်ဟု လှေးနာခူ က ဆက်ပြော သည်။
“ဒီမှာပြေးလာတာတော့ အခက်အခဲ့တွေများတယ် ချမ်းတာပေါ့နော် ကလေးတွေလဲ ပါလာတယ် စောင်တွေ အစားအသောက်တွေ လိုအပ်တာပေါ့နော် ဒီမှာက ချမ်းလည်းအရမ်းချမ်းတယ်။ စောင်တွေက မိသားစု တစ်စု ကို၂ ထည်စီပေးတယ်။ ဒီမှာ မိသားစုများတော့လူတွေလည်း ရှိတယ်၊ အဆင်မပြေဘူးပေါ့။ အရမ်းလည်း အေး တယ်။ ဒီမှာ အစားအသောက်တွေလည်း ကလေးတွေနဲ့ဆိုတော့ အများလိုအပ်နေတယ်။ မနေ့က ပြေးလာ တာ ဘာကိုမှမပါလာဘူး၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ပြေးတုန်းကလည်း အဲလိုပဲ စောင်တွေ အနွေးထည်တွေ ဘာမှ မယူလိုက်ရဘူး။”
တိုက်ပွဲကြောင့် လွယ်တောက်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး မန်ဆူဘုန်းကြီးကျောင်းသို့ စစ်ဘေး ရှောင် နေကြရပြီး ကျေးရွာထဲတွင် အုပ်ချုပ်ရေးမှူး နှင့် သက်ကြီးရွယ်အို စုစုပေါင်း ခြောက်ယောက်ခန့်သာ ကျန်ခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့က လားရှိုးမြို့နယ်ရှိ လားရှိုး – နမ္မတူ ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၅ အနီးတွင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မတော်တို့အကြား တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်းရှိ ဆင်ခိုက်ကျေးရွာအနီးတွင် တစ်နေရာ၊ နမ့်ဆန် မြို့နယ်ရှိ အုမ်းစွမ်းကျေးရွာ နှင့် လွယ်လမ်စေတီတောင်ကြောတွင် တစ်နေရာ နှင့် မန်တုံမြို့နယ် မန်စံကျေးရွာ လမ်းခွဲအနီးတွင် တစ်နေရာ စုစုပေါင်း ၃ နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ ဒီဇင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။