KSPP နှင့် ကချင်ပါတီတစ်ခု ထပ်မံပူးပေါင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ UNFDP ပါတီက ကချင်ပါတီ ၃ ခုဖြင့် ပေါင်းစည်း ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP နှင့် ပေါင်းစည်းလိုက်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ (ယမန်နေ့)က ကချင်အမျိုးသားများ အတိုင်ပင်ခံရုံးတွင် ကျင်းပသည့် အစည်းအဝေးပွဲ တွင် နှစ်ဖက်ပါတီ ခေါင်းဆောင်များမှ ပါတီပေါင်းစည်းကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ပေါင်းစည်းမှပဲ အားရှိမယ်။ ပေါင်းစည်းလို့ အားရှိလာတာနဲ့ အမျှ ကချင်ပြည်နယ်မှာ ဦးဆောင်ဦးရွက်မယ့် ဟာ မျိုးတွေ ဖြစ်လာမှာ သူတို့လည်း ဆုံးဖြတ်ချက်တွေ ရရှိတယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီ KSPP ထဲမှာ ပူးပေါင်းပြီးမှ အလုပ်အတူ လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း သူတို့ရောက်လာတယ်။ ပါတီပေါင်း တာပေါ့နော်။ KSPP နဲ့ UNSDP ပေါင်းတဲ့သဘောမျိုးတော့ ဖြစ်ပါတယ်။ ဒါပေမယ့် KSPP ထဲမှာ ပါဝင်ခြင်းဖြစ်ပါ တယ်။ ဒါကြောင့် မနေ့က MOU လက်မှတ်ထိုးပြီးမှ ပေါင်းစည်းကြောင်း လက်မှတ်ထိုးတယ်။”

KSPP ပါတီနှင့် ပေါင်းစည်းလိုက်သည့် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ UNFDP ပါတီကို ဒေါ်ဘောက်ဂျာ၊ ဦးစီစီနော်ဂျာတို့က ဦးဆောင်ကာ ပါတီလုပ်ငန်း တာဝန်များကိုထမ်းဆောင်ခဲ့ကြသည် ဟုသိရသည်။

ယခုကဲ့သို့ ပါတီပေါင်းစည်းလိုက်သည့်အတွက် UNFDP ပါတီသည် မကြာမှီ အချိန်အတွင်း ပါတီဖျတ်သိမ်း သွားရန် ရှိသည်ဟု KSPP ပါတီ ဒု-ဥက္ကဋ္ဌ ကပြောသည်။

“ဒီနေ့တော့ အချက်အလက်တွေကို ဆွေးနွေးပြီးမှ အခုမကြာမှီမှာပဲ ဒီလထဲမှာပဲ UNFDP ကနေ UEC ကို ပါတီဖျတ်သိမ်းကြောင်း အကြောင်းကြားမှာ ဖြစ်ပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

UEC မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖြစ်သည်။

ထို့အပြင် ပူးပေါင်းပါတီအဖြစ် ပါဝင်လာသည့် UNFDP ပါတီမှ ကိုယ်စားလှယ်များကိုလည်း KSPP ပါတီ၏ မူဝါဒ အတိုင်း ဦးဆောင်ကော်မတီများအဖြစ် ထည့်သွင်းတာဝန်ပေးအပ်သွားမည် ဟု KSPP ပါတီက ပြောသည်။

“ကျနော်တို့ဟာ KSPP ရဲ့ မူအတိုင်းပဲ သွားမှာ ဖြစ်ပါတယ်။ KSPP ပါတီထဲမှာ မည်သည့် ပါတီ အဖွဲ့အစည်းမဆို ပါဝင်တဲ့ အချိန်မှာ ဦးဆောင်ကော်မတီထဲမှာ CEC ထဲမှာ ၅ ဦးစီ ပါဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ UNFDP ဖက်ကလည်း သူတို့ အနေနဲ့ ၅ ဦးပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ သူတို့အနေနဲ့ ၅ ဦးရဲ့ ကိုယ်စားလှယ် နာမည်တွေ ပေးပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌ ပါတယ်။ ဒု-ဥက္ကဋ္ဌ ပါတယ်။ ပြီးရင် အထွေထွေအတွင်းရေးမှူးပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ် ၂ ယောက်ပါတယ်။ ဒါကြောင့် အကုန်လုံး အတူတကွဖြစ်ပါတယ်။”

ကချင်နိုင်ငံရေး ပါတီများ ယခုကဲ့သို့ ပေါင်းစည်းလာခြင်းသည် ကချင်ပြည်နယ်ရှိ ပြည်သူများ၏ အကျိုးအတွက် ပိုမိုလုပ်ဆောင်နိုင်မည်သာမက ပြည်နယ်သူ ပြည်နယ်သားများ၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိလာနိုင်သည်ဟု KSPP ပါတီ ကပြောသည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်းဆောင် များမှ ကြိုးစားလုပ်ဆောင်လာခဲ့ကြသည်။

ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီ များကို ပေါင်းစည်းကာ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များက ပါတီသစ်အဖြင့် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် UNFDP ပါတီက ပေါင်းစည်းပါတီအဖြင့် ပါဝင်လာခဲ့သည့် အတွက် ကချင်နိုင်ငံရေးပါတီ ၄ ခုမှ ပါတီကြီးတစ်ခုအဖြစ် ပေါင်းစည်းလိုက်နိုင်ခြင်းဖြစ်သည်။