ရှမ်းမြောက်တွင် အမည်မသိ လူသုံးဦး၏ အလောင်းများ တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်း သုံးလောင်းတွေ့ရှိရသည်ဟု ဒေသ လူမှုကူညီရေးအသင်းက ပြောသည်။
သီပေါမြို့နယ်၊ စဉ့်အင်တံတားအနီးရှိ ကုံးမုံကျေးရွာအနီးတွင် အမျိုးသား (၃) ဦး ၏ အလောင်းကို သွားရောက်သယ်ယူခဲ့ရသည်ဟု နယ်စည်းမခြား ပရဟိတအဖွဲ့ (သီပေါ) က ကိုမျိုးက ပြောသည်။
“မနက် (၈) နာရီလောက်မှာ ကျနော်တို့ကို ရဲက အကြောင်းကြားလာတယ်လေ။ အဲ့ဒီမှာ ဒဏ်ရာနဲ့ လူသုံးယောက်ရှိတယ်။ လာသယ်ဖို့ ပေါ့၊ အဲ့မှာ ကျနော်တို့က ဒီကနေသွားလိုက်တယ်။ ဟိုရောက်တော့ အဲ့ဒီမှာ သေနတ်ဒဏ်ရာနဲ့ လူသုံး ယောက် သေဆုံးနေတာပေါ့နော်” ဟု ပြောသည်။
သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ကိုမျိုးက ပြောသည်။
ကိုမျိုးက “လောလောဆယ်တော့ ဘာအချက်အလက်မှ မရသေးဘူး။ သူတို့ ဘယ်ကမှန်းတောင် မသိ သေးဘူး။ ရဲလည်း မသိသေးဘူး။ နှစ်ယောက်ကတော့ ဦးခေါင်းမှာ၊ တစ်ယောက်ကတော့ ဒီ နံချောင်း မှာပေါ့နော်။ ဒီအတိုင်းပဲ အလောင်းတွေတွေ့တာပါ။ ရွာနဲ့လည်း ကပ်ရပ်ပါပဲ။ ကျနော်တို့ကလည်း သွား သယ်တာပဲဆိုတော့လေ အသေးစိတ်တော့ မသိဘူး။ သူတို့ကို အခုက ဒီသီပေါဆေးရုံ ရင်ခွဲရုံကို ပို့ထား တယ်” ဟု ပြောသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့က ညပိုင်းက မူဆယ်မြို့ တွင်လည်း အိမ်စီးကားတစ်စင်းအား အမည်မသိသေနတ်သမားများ၏ လိုက်လံပစ်ခတ်မှုကြောင့် တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာ ရရှိခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများသည် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရပြီး လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma ၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအစီရင်ခံစာထဲတွင် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၈ ရာခိုင်နှုန်းဖြစ်ပွားနေသည်ဟု ထုတ်ပြန်ထားသည်။
တရားလက်လွတ်သတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးနေခြင်း၊ ထိန်းသိမ်းခံရခြင်းများအပြင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို ခံနေကြရသည်ဟု လူ့အခွင့်အရေး မှတ်တမ်းတင်အဖွဲ့ ဖြစ်သည့် ND-Burma က ထုတ်ပြန်ထားသည်။