ကျောက်တော်မြို့ ပစ်ခတ်မှု အရပ်သား ၄ ဦးဒဏ်ရာရ၊ ကျောင်းဝင်းအတွင်း ကျောင်းသား ၇၀ ခန့်ပိတ်မိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၄ ဦး သေနတ်နှင့် လက်နက်ကြီးစများ ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆရာတော်နှင့် ကျောင်းသားများ ကျောင်းဝင်းအတွင်း ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ကျောက်တော်မြို့ ၊ မဟာကံကြီးရှင် ဘုရားသိမ်ဝင်း အ တွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင်၊ အမျိုး သားသုံးဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျောက်တော် ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ဒီနေ့မနက်ပိုင်းမှာ ၉ နာရီခွဲ ဝန်းကျင်လောက်မှာပေါ့ ပေါက်ကွဲမှုတချို့ ကြားလိုက်တယ်။ ပေါက်ကွဲမှု တချို့ ကြားပြီးတာနဲ့ တဆက်တည်း မှာပဲ ပစ်ခတ်သံတွေ ၅ မိနစ်၊ ၁၀ မိနစ်လောက်ဖြစ်သွားတယ်။ အဲ့နောက် မဟာကံကြီးရှင်နားမှာ ဈေးရောင်း နေတဲ့ တစ်ယောက်က လက်မောင်းမှာ သေနတ်ကျည်ဖောက်သွားတာပေါ့။ အဲ့နောက် မြို့ထဲကို ကျည်ကျ လာတာပေါ့။ ပန်းတိမ်ဆိုင်နားမှာ ရှိနေတဲ့လူ တစ်ယောက် နှစ်ယောက် ဒဏ်ရာရကြ တယ်။ နောက်ပြီး ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်ထဲကို ကျည်စင်ကျလာပြီးမှာ နေပူဆာလုံနေတဲ့လူတစ်ယောက်ကို မျက်နှာမှာလာမှန်တယ်လို့ပြောတယ်။ မျက်ခုံးရော မျက်လုံးရောပေါ့ ထိသွားတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူများထဲမှ စိုးရိမ်ရသည့် နှစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ကျန်နှစ်ဦး ကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဦးဦးထွန်းဝင်း က ဆက်ပြောသည်။
“အဲ့ထဲက မျက်လုံးမှာထိတဲ့တစ်ယောက်ရယ်၊ လက်မောင်းမှာထိတဲ့တစ်ယောက်ရယ်ကို စိုးရိမ်စရာရှိတဲ့ အတွက် စစ်တွေဆေးရုံကို ဒီမနက်ပဲ အရေးပေါ်ကားတွေနဲ့ ပို့လိုက်ပါတယ်။ ကျန်တဲ့နှစ်ယောက် ကတော့ ကျောက်တော်ဆေးရုံမှာပေါ့။ ဆိုတော့ အရပ်သားလေးယောက် ဒဏ်ရာရတာပေါ့။”
ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ဒေါ်မသန်းအေး အသက် ၃၁ နှစ်၊ ဦးစိန်ကျော်ဝင်း အသက် ၅၃ နှစ်၊ ဦးအောင်ဝင်း အသက် ၄၃ နှစ်နှင့် ဦးအောင်ကြည် အသက် ၅၀ နှစ်တို့ ဖြစ်ကြသည်။
ကျောက်တော်မြို့ မှ ဒေသခံတစ်ဦး က “ကျော်တော်မြို့ရဲ့ မဟာကံကြီးရှင်ဘုရားဝန်းအတွင်းမှာ တပ်မတော် စစ်ကြောင်း ၂၇-၁၂-၂၀၁၉ နေ့ကနေ အဲ့ဒီမှာ တပ်စွဲပြီးတော့ အဲ့မှာ ဈေးရောင်းဈေးဝယ် ခရီးသည်တွေကို လူထုတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တာပေါ့။ ၂၈ မနက် ၉ နာရီကျော်မှာတော့ ပစ်ခတ်မှုတွေဖြစ် တာပေါ့။ ၉း၅၀ နာရီလောက်မှ ပစ်ခတ်မှုတွေ ရပ်သွားတာပေါ့။ လောလောဆယ်တော့ အဲ့နေရာနားမှာ မသွားလာရဲကြဘူး။ လူတွေက ကြောက်နေကြတယ်။ မနေ့ကလည်း စစ်ဆေးမှုတွေလုပ်တယ်၊ ဒီနေ့ လည်း ပြဿနာတွေဖြစ်တော့ ရမ်းသန်းပြီး ပစ်ခတ်မှာကြောက်နေကြတာပေ့ါ” ဟု ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်နှင့် လက်နက်ငယ်ကျည်များမှာ တပ်မတော် စစ်ကြောင်းရှိနေသည့် မဟာကံကြီးရှင် ဘုရားဝန်းအတွင်းဘက်မှ ပစ်ခတ်မှုများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ မဟာကံကြီးရှင် ဘုရားကျောင်းဝင်းအတွင်းရှိ မေတ္တာဥယျာဉ် ပညာဒါန ပရဟိတကျောင်းအတွင်း တပ်မတော်က တပ်စွဲထားပြီး ရပ်နီးရပ်ဝေးမှာ ကျောင်းသား အယောက် ၇၀ ကျော်ခန့်လည်း ပိတ်မိနေသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“ကျောင်းသားတွေလည်း ၇၀ ကျော်လောက်ရှိတယ်။ ဦးဆောင်ဆရာတော်ကြီးပါရှိတယ်။ အဲ့ဒီလူတွေလည်း အပြင်ကို ထွက်လို့မရဘူး ပိတ်မိနေတယ်။ ဒီနေ့က တပ်မတော် စစ်ကြောင်းနဲ့ ဦးဆောင်ဆရာတော်က ဆွေးနွေးနေတယ်။ တပ်မတော်စစ်ကြောင်းအရာရှိနဲ့။ သူတို့မထွက်ရင် ကျနော်တို့ထွက်မယ် ကျောင်းသားတွေ ထွက်မယ်ဆိုပြီး ပြောနေကြတယ်။ ကျောင်းသားတွေလည်း အခက်အခဲရှိတယ်။”
ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း ရှိနေသည် ဟု ဒေသခံများက အကြောင်းကြားလာသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “လက်နက်ကြီးကျည်တချို့တောင်မှ အဲ့ဒီနားက ရပ်ကွက်တချို့ထဲကျတာ မပေါက်ကွဲသေးတာတောင် ရှိနေသေးတယ်လို့ပြောတယ်။ ဒေသခံတွေက စိုးရိမ် ကြောက်လန့်နေကြတယ်။ ဒီအခင်းဖြစ်တဲ့ရပ်ကွက်ပဲ ပိုက်သေရပ်ကွက်လို့ခေါ်တာပေါ့။ အဲ့မှာ မပေါက်ကွဲပဲ ဒီတိုင်းစိုက်နေတဲ့ဟာ ရှိတယ်တဲ့” ဟု ပြောသည်။
နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသခံပြည်သူ အရပ်သားများ နေထိုင်နေသည့် နေရ ာ အနီးတဝှိုက်တွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ မပြုလုပ်သင့်ဘူးဟုလည်း ဦးဦးထွန်းဝင်း က ပြောသည်။
“ကျနော်တို့ကတော့ ပြောနေတာက အတတ်နိုင်ဆုံးတိုက်ပွဲကို ပစ်ခတ်မှုတွေကို နှစ်ဖက်အဖွဲ့အစည်းတွေ ကို တောင်းဆိုတာပေါ့။ ဖြစ်နိုင်ရင် လူတွေနဲ့နီးတဲ့နေရာတွေမှာ ပစ်ခတ်မှုတွေ မလုပ်ကြဖို့ပေါ့။ ကျနော် တို့ကတော့ မေတ္တာရပ်ခံချင်တာပေါ့။ အစကတော့ တောနားတောင်နားတွေမှာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရွာနားတွေ ရွာထဲတွေမှာဖြစ်လာတယ်။ ပြီးတော့ အခု မြို့ပေါ်အထိရောက်လာတယ်ဆို တော့ ပြည်သူတွေ ကတော့ တကယ့်ကို လုံခြုံမှု မရှိတဲ့ အနေအထားကို ဖြစ်နေပြီ။ ဒီနေ့မနက်ဖြစ်တာလည်း လူစည်ကားတဲ့ အချိန်၊ အဲ့နားမှာ ကားဂိတ်တွေလည်းရှိတယ်။ အခုလူထုက တော်တော်စိုးရိမ်နေကြတယ်ပေါ့။ အခုတော့ လမ်းတွေလည်း ခြောက်ကပ်နေတာပေါ့ဗျာ။”
ဒီဇင်ဘာလဆန်းပိုင်းကလည်း ကျောက်တော်မြို့ ရွာမ မူလတန်းကျောင်းအနီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တတိယတန်းကျောင်းသား တစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု နှစ်ဖက်လက်နက်အဖွဲ့ တာဝန်ရှိသူများက သတင်းမီဒီယာများတွင် ဖြေကြားထားသည်။