မွန်လူငယ်များ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သို့ ဝင်ရန် တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

မွန်လူငယ်တိုင်း မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ထံ ဝင်ရောက်အားဖြည့်ကြရန် မွန်လူငယ်များနေ့ ဦးဆောင်ကျင်းပရေး ကေ်ာမတီက တိုက်တွန်းလိုက်သည်။

မွန်ပြည်သစ်ပါတီတွင် အင်အားနည်းနေသည့် အနေအထားကြောင့် အခြားသောလက်နက်ကိုင်အဖွဲ့အစည်း အချို့ တို့၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်ဟု ဒီဇင်ဘာ ၂၈ ရက်နေ့က ကျရောက်သည့် ၈ ကြိမ်မြောက် မွန်လူငယ်များနေ့အထိမ်းအမှတ်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

မွန်လူငယ်များနေ့ ဦးဆောင်ကျင်းပရေးကော်မတီ အဖွဲ့ ဝင် မင်းဉာဏ်စိုက်ရာမာန် က “လူငယ်တွေကို ကျနော်တို့ ဆော်သြတယ်။ မွန်ပြည်သစ်ပါတီရဲ့ အင်အားတွေ မရှိတော့ရင်တော့ ဒီလိုပဲ ကျနော်တို့ အနိုင်ကျင့်ခံရမယ်။ အဲ့ဒါကြောင့် အမျိုးသားကွယ်ကွယ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ လူငယ်ရဲ့ တာဝန် ကျရောက်နေပြီလို့ မှတ်ယူတယ်” ဟု ပြောသည်။

မကြာခင်က ဖြစ်ပွားသွားသည့် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းတို့အကြား ပဋိပက္ခသည် မွန်ပြည်သစ်ပါတီအပေါ် အနိုင်ကျင့်သည့်သဘောဟု မွန်လူငယ်များက ရှု့ မြင်မိကြောင်း၊ တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ချိုးဖောက်သည့် သဘောဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မွန်ပြည်သစ်ပါတီကနေ မဖြစ်မနေပဲပြောပြော ကျနော်တို့ဆန္ဒပဲ ပြောပြော၊ အသက် ၁၈ နှစ်ပြည့်လာရင် အမျိုးသားရေး တာဝန်ထမ်းဆောင်ဖို့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို ဝင်ရောက်အင်းအားဖြည့် ဖို့အတွက် တိုက်တွန်းပါတယ်။” ဟု မင်းဉာဏ်စိုက်ရာမာန် က ပြောသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှ က “နိုင်ငံရေးနယ်ပယ်ထဲကို လှုပ်ရှားမှု အကူး အပြောင်းကာလမှာ လူငယ်တွေ အင်းအားစည်းစည်းလုံးလုံးနဲ့ မွန်နိုင်ငံရေးထဲ လှုပ်ရှားကြပါ၊ မွန်လူမျိုးရဲ့ လှုပ်ရှားမှုတွေမှာလည်း အဓိကအနေနဲ့ လူငယ်တွေ လှုပ်ရှားမှုက အများဆုံးပဲ ဖြစ်နေတယ်” ဟု က ပြောသည်။

၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခရုံဂူကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ၊ အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူ့တိုင်းနှင့် ရန်ကုန်တိုင်းမှ မွန်လူငယ် ၂ သောင်းကျော် တက်ရောက်ခဲ့ကြသည်။