ကျောက်တော်မြို့တွင် မီးမှောင်ကျနေပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်နေ၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြို့အတွင်း လျှပ်စစ်မီးများ လည်း ပြတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ (ယနေ့) ည ၇ နာရီခန့်မှ စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများလည်း စစ်ဘေးလွတ်ရာ ပုန်းရှောင်နေရသည်ဟု ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့ကတော့ တိုက်ပွဲဖြစ်တာလား ဘာလားတော့ မပြော တတ် ဘူး။ လက်နက်ကြီးအသံရော၊ လက်နက်ငယ်အသံရော ဆက်တိုက်ကြားနေရတာ။ တစ်မြို့လုံးလည်း မီးတွေ မလာတော့ဘူး။ တစ်မြို့လုံး တိတ်ဆိတ်နေတယ်။ အားလုံးလည်း အိမ်အောက်တွေ ဘာတွေ အကုန်ဝင် ပုန်း နေရတာ။ အခု အခြေအနေလုံးဝမကောင်းဘူး။ ကျနော်တို့ မြေအောက်မှာ ပုန်းတာ အခုလည်း။ ဖုန်းမီး လင်းနေရင် အပြင်ကမြင်ရမှာဆိုးလို့ ဖုန်းပိတ်တော့မယ်နော်” ဟု ပြောသည်။

ယနေ့ နေ့လည်ပိုင်းမှာစတင်၍ ကျောက်တော်မြို့အတွင်းရှိ နေရာအနှံ့အပြားတွင်လည်း စစ်သားများ ကို တွေ့ရသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေသည်ဟု ပြောသည်။

“ဒီနေ့ဆို စစ်သားတွေက နေရာတိုင်းမှာပဲ၊ လမ်းကြိုလမ်းကြား၊ လမ်းတိုင်းမှာ ရှိတယ်။ လေးယောက် ငါးယောက်နဲ့ အဲ့လိုမျိုး။ တစ်မြို့လုံးဆို သုံးရာလောက်တောင် ရှိမလားမသိဘူး။ မနေ့က မဟာကံကြီးရှင် ဘက် ပစ်ခတ်မှုဖြစ်ပြီးကတည်းက လူတွေက ကြောက်နေကြတာ။ အခု စစ်သားတွေ အများကြီးရောက်လာ တော့ ပိုကြောက်ကြတာပေါ့” ဟု အခြား ကျောက်တော်မြို့ ဒေသခံတစ်ဦး က ယနေ့ မွန်းလွှဲပိုင်း က ပြောသည်။

“စစ်သားတွေ တွေ့ရင်ကို အလိုလိုကြောက်နေပြီ။ သူတို့က ဘာမှမပြောပဲ လုပ်ချင်တာလုပ်တာလေ။ လူထုက ဘာပြောပြော နားမထောင်ဘူး။ ခေါ်စစ် ဖမ်းသွား အဲ့လိုမျိုးလေ။ ပြီးရင်လည်း ဘယ်ကပစ်လိုက်တဲ့ သေနတ်ကျည်ဆံမှန်းမသိ လက်နက်ကြီးမှန်း မသိ လာထိပြီးသေတာတွေလည်း များနေပြီနော်။ အဲ့တော့ အကုန်လုံးကကြောက်နေကြပြီ။”

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း ကျောက်တော်မြို့အတွင်း ပစ်ခတ်များဖြစ်ပွားနေကြောင်း၊ ယခုအချိန်ထိ မီးများလည်း ပြတ်နေသေးကြောင်း အတည်ပြုပြောသည်။

လက်ရှိအခြေအနေအရ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြုမပြော နိုင်သေး ဘူးဟု ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ မဟာကံကြီးရှင် ဘုရားသိမ်ဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် အမျိုးသမီးတစ်ဦးအပါအဝင်၊ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာလဆန်းပိုင်းကလည်း ကျောက်တော်မြို့ ရှိ ရွာမ မူလတန်းကျောင်းအနီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်းသား တစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရသည်။