ရှမ်းမြောက် မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွားနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်၊ လားရှိုး၊ နမ္မတူမြို့နယ်တို့တွင် တပ်မတော်နှင့် တအန်း(ပလောင်) တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ တအာင်း(ပလောင်) အမျိုးသားပါတီ TNP အထွေထွေအတွင်းရေးမှူး တာမိုင်းအုဏ်းခိုင်က “သူကတော့ နဂိုဖြစ်စဉ် အတိုင်းပဲ သူကသွားနေတာပေါ့ စစ်ရှိန်လျှော့ကျသွားတာတို့ မရှိသေးဘူး သူ့ပုံမှန်အ တိုင်း နယ်မြေသူ့ဒေသအလိုက်က ထိတွေ့မှုတွေ တိုက်ပွဲတွေက ဖြစ်နေတာပဲ မနေ့အထိကတော့ ကျနော်တို့ ဒီမှာတော့ ဖြစ်နေတာပဲ မနေ့ကဆို ဒီကျောက်မဲနဲ့ ဒီဖက် နမ့်ဆန်မြို့နယ် ကြားမှာ တစ်ခုဖြစ်တယ်။ မနေ့ည ကဆို လားရှိုး-နမ္မတူ သွားတဲ့ လမ်းမှာဖြစ်တယ်။” ဟု ပြောသည်။

လားရှိုးမြို့နယ် လားရှိုး-နမ္မတူ ကားလမ်းမကြီး လွယ်တောက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေ အနေနှင့် ပတ်သက်၍ လွယ်တောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျာတော့ က ယခုလိုပြောသည်။

“၂ နာရီ ပတ်ဝန်းကျင်မှာ ၁၈ မိုင်ကနေ ပြန်တက်လာပြီးမှ ကျနော်တို့ရွာထဲကို ပြန်တက်လာတဲ့ အချိန်မှာ ၁၆ မိုင်နဲ့ ၁၇ မိုင်ကြားမှာ အဲမှာ ထိတွေ့မှု ခဏဖြစ်သွားတာလေ နာရီဝက်လောက်ကြာသွားတာ သူက မိနစ် ၃၀ လောက် ဒီနေ့ကတော့ မနေ့က ဖြစ်ပြီး နာရီဝက် ဖြစ်ပြီး သူတို့က လားရှိုးထဲကို ပြန်တက်သွားပြီ စစ်ကြောင်း တွေလည်း ကျန်တဲ့ အဖွဲ့တွေလည်း မတွေ့တော့ဘူး မကြားတော့ဘူး ဒီနေ့ကတော့ ငြိမ်သွားပါပြီ။”

တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ အကြား ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ တစ်ရက်ထဲ တွင် တိုက်ပွဲ ၄ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ PSLF/TNLA ၏ ထုတ်ပြန်ချက်ထဲတွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာနှင့် လွယ်လမ် တောင်ကြားတွင် တစ်နေရာ၊ မြို့သစ်ကျေးရွာနှင့် ပန်စရီကျေးရွာကြား လွယ်လမ်တောင်ထိပ်တွင် တစ်နေရာ၊ လွယ်လမ်တောင် အနောက်ဘက်ခြမ်းတွင် တစ်နေရာနှင့် လားရှိုးမြို့နယ် လားရှိုး-နမ္မတူ လမ်းမကြီး လွယ်တောက်ကျေးရွာအနီးတွင် တစ်နေရာ စုစုပေါင်း ၄ နေရာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

လွယ်တောက်ကျေးရွာအနီး ထိတွေ့တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ဦးကျာတော့ က ဆက်ပြောသည်။

“ဖြစ်တဲ့ အချိန်မှာ ကျနော်တို့ ရွာသားတွေကတော့ ဘာမှမဖြစ်ဘူး ဒါပေမယ့် ခရီးသည်ကား နမ္မတူက ဘော် ကားလားမသိဘူး ကားဆရာတစ်ယောက်က အဲမှာ လက်နက်ကြီးထိမှန်ပြီးမှ တစ်ယောက်သေဆုံးသွားတာ”

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများနှင့် တအန်း(ပလာင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ကို ဆက်သွယ်သော်လည်း မရသေးပေ။

တပ်မတော်နှင့် PSLF/TNLA တို့အကြား ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တပ်မတော်နှင့် PSLF/ TNLA တို့အကြား ၃ ရက်ဆက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲဖြစ်ပွား သည့် နေရာများမှာ ရှမ်း ပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လားရှိုး မြို့နယ်နှင့် နမ္မတူ မြို့ နယ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မိုင်းငေါ့မြို့နယ်ခွဲတွင် တပ်မတော်နှင့် PSLF/TNLA တို့အကြား တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ နာယေကျေးရွားအနီးတွင်တစ်နေရာ၊ နာယေကျေး ရွာနှင့် လွယ်ခလေးကျေးရွာကြား ပန်ကမောင်တောင်တွင်တစ်နေရာနှင့် လွယ်ဆောင်တောင် အနီးတွင် တစ် နေရာ ဖြစ်သည်ဟု PSLF/TNLA က ဆိုသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း နမ္မတူမြို့နယ် နာဆိုင်ကျေးရွာအနီးနှင့် ပန်လောကျေးရွာအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ ကျီးလန့်စာစား ဘဝဖြင့် နေနေကြ ရပြီး ဝမ်းရေးအတွက် သွားလာလုပ်ကိုင်စားသောက်ရန် အခက်တွေ့စေသည်ဟု လွယ်တောက်ကျေးရွာ အုပ် ချုပ်ရေးမှူး က ပြောသည်။

“ကျနော်တို့က ဒီမှာပြည်သူလူထုတွေက ကျောင်းသားကလေးတွေ များတဲ့အတွက်ကြောင့် ခဏခဏ အဲလိုဖြစ် ရင် အထိတ်တလန့်ဖြစ်တယ်။ ကြောက်လန့်နေရတယ် ပြီးရင် တောတောင်မှာ ကျွဲကြောင်းတာတွေ တောင် ယာ အလုပ်လုပ်တာတွေလည်း အဲလိုမျိုးထိတွေ့မှုဖြစ်ရင် စိုးရိမ်ရတယ်လေ လက်နက်ကြီး ထိမှန်မလား အ သက်အိုး အိမ်တွေကို အမြဲတမ်းစိုးရိမ် စိတ်နဲ့ပဲ နေနေရတယ် ကျနော်တို့ ကျေးရွာ ပြည်သူတွေက ဖြစ်နိုင်ရင် နှစ်ဖက်နှစ်ဦး ကို ကျနော်တို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်တာပေါ့ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ပြီးမှ ဒါမျိုးဖြစ်စဉ်မျိုး မဖြစ်လေအောင် ရွာရဲ့ ပတ်ဝန်းကျင်မှာ ဒါမျိုး မဖြစ်အောင် မေတ္တာရပ်ခံချင်တယ် ကျနော် တို့အနေနဲ့”

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ရခိုင်ပြည်နယ်ရှိ မြို့ နယ် တော်တော်များများတွင် တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများမှာ ဆက်တိုက်ဆိုသလို ပြန်လည်ဖြစ်ပွားလာနေသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA နှင့် ရက္ခိုင့်တပ်တော် ULA/AA အဖွဲ့တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ်ချုပ် ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည်။