ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေး မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးစည်းဝေးပွဲ ကျင်းပနိုင်ဖွယ်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၁၈) ရက်။

၂၁ ရာစုပင်လုံ ညီလာခံမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်မည့် ညီလာခံ တစ်ခုကို ခေါ်ယူနိုင်သည်ဟု NCA အပစ်ရပ် ၁၀ ဖွဲ့ထဲမှ ခေါင်းဆောင်အချို့က ပြောသည်။

NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များအားလုံး ပါဝင်သည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံ ခေါ်ယူနိုင်ရေးနှင့် ပတ်သက်၍ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုကဲ့သို့ ပြောသည်။

“ကြားဖြတ်စည်းရုံးရေး အနေနဲ့ ဒီလက်မှတ်မထိုးတဲ့ အဖွဲ့တွေပါတဲ့ EAOs summit တော့ ၂၁ ရာစု ပင်လုံကို အားကောင်းအောင်ပေါ့လေ ပိုပြီးတော့ ထောက်ခံမှုရအောင် ခေါ်ဖို့ကြိုးစားရင်လည်း ကြိုးစားနိုင်တယ်” ဟု ပြောသည်။ “သို့သော်လည်းပဲ အဲ့ဒါလည်းပဲ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိလည်းတော့ ကျနော်တို့ မသိသေး ဘူးပေါ့။ လောလောဆယ်တော့ အဲဒီ အခြေအနေရှိတယ်။”

၂၁ ရာစုပင်လုံ ညီလာခံကို ယခုနှစ် ဧပြီလနောက်ဆုံး အပတ်တွင် ကျင်းပပြုလုပ်သွားရန်ရှိပြီး အဆိုပါညီလာခံ မကျင်းပမှီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပနိုင် သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ဇန္နဝါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ၏ ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ကြသည်။

ထိုအစည်းအဝေးတွင်လည်း လက်မှတ်မထိုးရသေးသည့် ညီနောင်တိုင်းရင်းသားများ အားလုံး NCA ဖြစ်စဉ် တွင် ပါဝင်လာနိုင်ရန်အတွက် ယခုအစည်းအဝေးတွင် ချမှတ်လုပ်ဆောင်သွားရန်လိုသည် ဟု PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“NCA အဝန်းအဝိုင်းမှာ မပါဝင်လာနိုင်သေးတဲ့ ညီနောင်အဖွဲ့အစည်းတွေအတွက် တစ်ချိန်ချိန်မှာ ပါဝင်လာ နိုင်ရေး လက်တွေ့ကျတဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းစဉ်တွေကို ဒီအစည်းအဝေးမှာ တိတိကျကျ ချမှတ်ထားဖို့ လိုပါတယ်။”

ယမန်နေ့က ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးတွင် ၈ ကြိမ်မြောက် ကျင်းပပြုလုပ်ထားခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးမှ သဘောတူခဲ့ကြသည့် အချက် ၈ ချက်ထဲမှ အချက် ၃ ချက်ကို အဓိကထား ဆွေးနွေး ခဲ့သည်ဟု သိရသည်။

PPST အစည်းအဝေးမှ ဆွေးနွေးခဲ့ကြသည့် အချက်များမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် ချုပ်ဆိုမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်မူများနှင့် အခြေခံမူများကိစ္စ၊ NCA အကောင်အထည်ဖော်မှုကိစ္စနှင့် ၂၀၂၀ နှင့် ၂၀၂၀ အလွန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ ဖြစ် သည်ဟု အပစ်ရပ်ခေါင်းဆောင်များက ပြောသည်။

“ဒီ NCA အကောင်အထည်ဖော်မှုထဲမှာပါတဲ့ အခန်း ၃ တို့ အခန်း ၄ တို့ အခန်း ၆ တို့ အဲဒါတွေကို ဆွေးနွေး မယ်၊ အဲဒါပါတယ်၊ နံပါတ် ၂ ကတော့ ကျနော်တို့ ၂၀၂၀ မတိုင်ခင်မှာ ဘာလုပ်မလဲ၊ ၂၀၂၀ အလွန်မှာ ဘာတွေ လုပ်မ လဲ လုပ်ငန်းစဉ်တွေကို သဘောတူမယ် ချမယ်၊ နံပါတ် ၃ ကတော့ ဖက်ဒရယ်အခြေခံမူတွေရအောင် လုပ်မယ်၊ အဲ့ဒီ ဖက်ဒရယ်အခြေခံ မူက ဘယ်ဟာတွေ ကိုယ်ကလိုချင်သလဲ ၂၀၂၀ မတိုင်ခင် ဘာအာမခံချက် လိုချင်သလဲ၊ ၂၀၂၀ လွန်သွားရင် ဘာအာမခံချက် ထွက်အောင်လုပ်မလဲ၊ အဲ့ဒီ စသည်ဖြင့်ပေါ့လေ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

အထက်ပါ ဆွေးနွေးချက် ၃ ချက်အရ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများသာ သွားနေသည့် အပစ်ရပ် ၁၀ ဖွဲ့ထဲမှ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့်လည်း တရားဝင်အစည်းအဝေးများ တွင် ပြန်လည် ပါဝင် လာရခြင်းဖြစ်သည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။

“အဓိက က ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် တည်ဆောက်မှု လုပ်ငန်းစဉ်က ဘာမှ ရေရေ ရာရာ မရှိတဲ့အတွက်ကြောင့် ကျနော်တို့ အလွတ်သဘောနဲ့ ဆွေးနွေးပြီးတော့ အခု ရေရေရာ ရာဖြစ် အောင် ဒီအဆင့် ၃ ဆင့်နဲ့ သွားမယ်၊ နောက် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိုလည်း အဆင့်တစ်ဆင့် အနေနဲ့ တည်ဆောက်ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတဲ့ အခြေခံကို ဒီလိုပုံစံနဲ့ သွားသင့်တယ်ဆိုတဲ့ စဉ်းစားမှု ကို အစိုးရ တပ်မတော်ဖက်က လက်ခံတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့ တရားဝင် ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။”

PPST ၏ ၈ ကြိမ်မြောက် အစည်းအဝေးကို NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ၁၀ ဖွဲ့မှ ခေါင်းဆောင် များ တက်ရောက်ခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှား ကရင်နီအမျိုးသား တိုး တက်ရေးပါတီ KNPP ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် FPNCC အဖွဲ့ဝင်များဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ဖြစ်သည်။

အပစ်မရပ်သေးသည့်အဖွဲ့များထဲတွင် KNPP အနေဖြင့် အစိုးရနှင့် NCA အပစ်ရပ်နိုင်ရန် ဆွေးနွေးနေသကဲ့သို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA၊ TNLA၊ AA၊ MNDAA ကိုးကန့်တို့သည်လည်း အစိုးရနှင့် ပဏာမ အ ပစ်ရပ် စာချုပ် Bilateral ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေကြသည်။