ဓနုဖြူ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းအနီး ဗုံးကွဲ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

ဓနုဖြူမြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း အနီးတွင်  ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရသည်ဟု ဒေသခံများ က ပြောသည်။

ဧရာဝတီတိုင်း၊ အတွင်းရှိ ဒေသခံမြို့ပြ ပြောက်ကျား အဖွဲ့က ယင်းဖောက်ခွဲမှုကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များကို သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန် ဝန်ခံထားသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဓနုဖြူမြို့ အဝင်အထွက်လမ်းများနှင့် လမ်းဆုံအချို့ကို ပိတ်ဆို့စစ်ဆေးကာ ပြည်သူအချို့ကို ဖမ်းဆီး ထားသည်ဟု သိရသည်။

အဖမ်းခံထားရသူတစ်ဦး ၏ မိသားစုဝင် တစ်ဦးက အခုက မသင်္ကာလို့ ဖမ်းတယ် ဆိုပေမယ့် တခုဆိုးတာ ရိုက် နှက် စစ်တာမျိုးလုပ်တယ် ချို့နေရာတွေမှာ အတင်းဝန်ခံခိုင်းတယ် နောက်ဆုံး ရိုက်သတ်တဲ့အထိ လုပ်တာ ကြားရတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်တယ်” ဟု ပြောသည်။

ဓနုဖြူမြို့၊ အ.ထ.က (၁) ကျောင်းအနီးရှိ ရဲဝန်ထမ်း လိုင်းခန်းထောင့်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ကျော်ခန့် အချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု နှင့် အဆောက်အဦ ပျက်စီးမှု မရှိဟု ဒေသခံအချို့ က ပြောသည်။

လူထိခိုက်တာ လိုင်းခန်းပျက်တာတော့မဖြစ်ဘူး စစ်တပ်က လာစစ်တယ်၊ လက်လုပ်မိုင်း ပေါက်ကွဲတာလို့ ဗိုလ်ကတော့ ပြောသွားတယ်” ဟုဓနုဖြူမြို့ခံ တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးတွင် စက်တင်ဘာလ အတွင်းမှ စတင်ကာ ဒေသခံ မြို့ပြ ပြောက်ကျား အဖွဲ့များ က စစ်ကောင်စီ နှင့် သက်ဆိုင်သည့် နေရာများနှင့် မိုင်တဲဖုန်းတာဝါတိုင်များကို မိုင်းခွဲမီးရှို့ ဖျက်ဆီးခြင်း၊ စစ်ကောင်စီ သတင်းပေး ဒလန်များကို သုတ်သင်ခြင်းတို့ကို ခပ်စိပ်စိပ် လုပ်ဆောင်လာကြသည်။

အောက်တိုဘာလ နောက်ဆုံးအပတ် မှ နိုဝင်ဘာလ အတွင်း စစ်ကောင်စီ၏ ယာဉ်တန်း၊ ရဲစခန်း၊ ယာဉ်ထိန်းရဲရုံး နှင့် စစ်တပ်ကင်းစခန်းများကို တိုက်ခိုက်လာနိုင်ပြီး ဝန်ကြီးချုပ်ယာဉ်တန်းကိုပါ တိုက်ခိုက်လာနိုင်သဖြင့် ၈ လ ကျော် အတွင်း စစ်ဗျူဟာများ သဘောပေါက်နားလည်လာသည့် အနေအထားမျိုး တွေ့လာရသည်ဟု ဒေသခံ အချို့က သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။