ပျူစောထီးအဖွဲ့များ အိမ်ရှင်ကို သေနတ်နဲ့ပစ် ရွှေနှင့် ငွေများ လုယက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ရွာတရွာသို့ ပျူစောထီးအဖွဲ့ဝင်များရောက်ရှိလာပြီး အိမ်ရှင်အား သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေနှင့်ငွေသားများကို လုယက်သွားသည်ဟု ရွာသားများက ပြောသည်။
သဘော့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ပြင်ကြီးကျေးရွာ၊ ရှိုင်းသာယာရပ်ကွက်ရှိ မမီးဝေ ဆိုသူနေအိမ်သို့ စက် တင်ဘာလ ၁ ရက်နေ့တွင် ပျူစောထီးများရောက်ရှိလာပြီး PDF ရံပုံငွေအတွက်ဟုဆိုကာ အိမ်ရှင်အား သေနတ် ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ရွှေနှင့်ငွေသားများ လုယက် ယူဆောင်သွားသည်ဟု ရွာသားများကပြောသည်။
အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “ဒိုင်း ဒိုင်းဆိုပြီး သေနတ်သံ ၂ချက် ၃ ချက် မနက်အစောကြီး ကြားရ တယ်။ သိပ်မကြာဘူး ဆိုင်ကယ်နှစ်စီး အမြန်မောင်းပြီး ရွာထဲက ပြန်ထွက်သွားတာ မြင်လိုက်ရတယ်” ဟု ပြော သည်။
ပစ်ခတ်ခံရသူ မမီးဝေ မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက သေနတ်ပစ်ခံရပြီး သေဆုံးသွားသူ သဘော့ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီးအဖွဲ့ဝင် ဦးဇော်မျိုးဦး၏ ဇနီးဖြစ်ပြီး မမီးဝေ ၏ နေအိမ်ကို လာရောက်ကြ သူများထဲတွင် ပျူစောထီး ခေါင်းဆောင် ဦးလေးလေး၏ တပည့်များနှင့် စွန်ရဲအဖွဲ့ဝင် ၄ ဦးတို့ ဖြစ်သည်ဟု ရွာ သားများက ပြောသည်။
စက်တင်ဘာ ၁ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က လူလေးဦး ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး PDF အဖွဲ့များ အတွက် ရံပုံငွေ ကောက်ခံနေခြင်း ဖြစ်သည်ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ပြီး ရွှေနှင့်ငွေသားများ ယူဆောင်သွားခြင်းသည် ဟု သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အမျိုးသမီးမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး အရေးပေါ် ဆေးကုသနေရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
အလားတူ လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာတွင်လည်း သြဂုတ် ၃၁ ရက်နေ့ည ၉ နာရီ အချိန်ခန့်က ရေလုပ်ငန်း လုပ်ကိုင်သည့် အိမ်တစ်ဆောင်ကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။
ထို့နောက် ရွှေနှင့် ငွေသားများ သိန်းတစ်ထာင်ဖိုးခန့် လုယူမှု ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။
အဆိုပါ လုပ်ဆောင်မှုကိုလည်း ကျောက်နီမော်ကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်သည့် အဖွဲ့နှင့် စစ်သားများပေါင်းပြီး ကားတစ်စီးဖြင့် လာရောက် ပစ်ခတ်ကာ ရွေနှင့်ငွေသားများကို ယူဆောင်သွားခြင်း ဖြစ်သည်ဟု ညောပြင်ရွာသားတစ်ဦးက ပြောသည်။
ကျေးရွာအတွင်း လက်နက်ကိုင်ပြီး အမြဲကင်းလှည့်လာတတ်သည်မှာ စစ်တပ်နှင့် ပျူစောထီးအဖွဲ့တို့သာရှိပြီး အခြားသော အဖွဲ့များ မလာဖူးသေး၍ PDF အဖွဲ့များ မဖြစ်နိုင်ဘူးဟု ညောပြင်ရွာသားများက ပြောသည်။
လုယက်ခံရသည့် မိသားစုဝင်များကို အပြင်သို့ သတင်းပေါက်ကြား တိုင်ကြားခြင်းများ ရှိပါက အသက်အန္တရာယ် အာမ မခံကြောင်း ကျူးလွန်သူများက ခြိမ်းခြောက် ပြောဆိုလေ့ရှိခြင်းကြောင့် အပြင်သို့ ထုတ်ဖော် ပြောဆိုခြင်း မျိုး မရှိဘူးဟု ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ် အတွင်း တော်လှန်ရေးအတွက် ထောက်ပံ့ရန် ရံပုံငွေဟုဆိုကာ PDF အဖွဲ့ နာမည်များကို အများစုက အသုံးချနေကြပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ မှ သြဂုတ်လကုန် အထိ ယခုကဲ့သို့သော လက်နက်ဖြင့် ခြိမ်း ခြောက်ကာ လုယက်ခဲ့သည့် အမှုပေါင်း ၈ ကြိမ်ခန့်ရှိခဲ့သည် ဟု သိရသည်။