စစ်ကောင်စီ ဖမ်းသွားသော PDF ခေါင်းဆောင်တစ်ဦး၏ ဖခင် အလောင်းကို တံတားတစ်ခုတွင် ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ထားဝယ်တွင် စစ်ကောင်စီက PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ဖခင်ဖြစ်သူကို ဖမ်းဆီးသွားပြီးနောက် အလောင်းကို တံတားတစ်ခုပေါ်တွင် စွန့် ပစ်ထားသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူ ဦးကြည်လွင် အသက် ၆၀ နှစ်နှင့် အမျိုးသားတစ်ဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် ဖမ်းဆီးသွားပြီးနောက် သတ် ဖြတ်ကာ အလောင်းကို ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ကျန်းမာရေးလမ်းမ၊ သစ်ပေါ်တံတားတစ်ခုအနီးတွင် စွန့်ပစ် ထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက “မနက်အစောကြီး လမ်းသွားလမ်းလာတွေက တွေ့တာ။ လက် ပြန်ကြိုး ချည်ထားပြီး မျက်လုံးကို အဝတ်စနဲ့ ပိတ် ချည်ထားတာ မြင်ရတယ်။ ခေါင်းမှာ သေနတ်ဒဏ်ရာ တချက်တွေ့ရတယ်” ဟု ပြောသည်။
သေဆုံးသွားသူသည် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရသူ ထားဝယ်ဒေသ အခြေစိုက် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင် ဗိုလ်အောင်ခိုင်၏ ဖခင်ဖြစ်ပြီး မိခင် ပစ်သတ်ခံရပြီး ၆ လ အကြာတွင် ဖခင်ကိုပါ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
သတ်ဖြတ်ခံရသူ ဦးကြည်လွင်သည် လေဖြတ်ခံထားရသည့် ရောဂါသည် တစ်ဦးဖြစ်ကာ လမ်းကောင်းကောင်း ပင် မလျှောက်နိုင်ဘဲ အလုပ်လည်း လုပ်ကိုင်နိုင်ခြင်းမရှိသူ တစ်ဦး ဖြစ်သည်ဟု ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူများ က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုအောင်ခိုင်၏ မိခင်ဖြစ်သူ ဒေါ်ညွှန့်လှိုင် အသက် ၆၀ နှစ်ကိုလည်း ထားဝယ် ကမ်းနားဈေးအတွင်း ဒူးရင်းသီးရောင်းနေချ နေစဥ် လူတစ်စုက သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့သည်။
လက်ရှိတွင် ဦးကြည်လွင်၏ ရုပ်အလောင်းကို အရေးပေါ် လူနာတင်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ယူ သွားခဲ့ပြီး၊ ၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသား၏ အခြေအနေကိုလည်း ရပ်ကွက်သားများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။
ဓါတ်ပုံ – အသတ်ခံရသူ ဦးကြည်လွင်၏ သား (PDF တပ်ဖွဲ့ဝင် ဗိုလ်အောင်ခိုင်၏ ပုံ)