ဇင်းကျိုက်မီး လူလေးဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ တွင် နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးသွားခဲ့သည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ကြာသပတေးနေ့ နံနက်စောစောက ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူ ၄ ဦး သေဆုံး သွားသည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တာဝန်ရှိသူများ နှင့် ဒေသခံများက ပြောသည်။

“မီးလောင်တဲ့ အထဲ အိမ် ၈ လုံး၊ စပါးကျည်တစ်လုံး ပါသွားတယ်၊ မီးစလောင်တဲ့အိမ်က ဒေါ်သန်းသန်းခိုင် အိမ် ကနေ စလောင်တာ။ အဲ့အိမ်မှာရှိနေတဲ့ လူ ၄ ဦးကတော့ သေဆုံးသွားတယ်။ တခြားအိမ်က လူတွေတော့ ဘာမှ မဖြစ်ကြဘူး” ဟု မီးလောင်မှုဖြစ်စဥ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ဇင်းကျိုက်မြို့၊ ကွမ်းခြံကုန်းဒေသရှိ ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါမီးလောင်ကျွမ်းမှုအတွင်း လူသေဆုံးမှုအပြင် အနီးအနားရှိ အခြား နေအိမ် ၈ လုံးနှင့် စပါးကျည်တစ်လုံး လည်း မီးလောင်ပျက်စီးသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် အသက် ၅၁ နှစ်အရွယ် ဒေါ်သန်းသန်းခိုင်၊ အသက် ၄၁ နှစ်အရွယ် ဦးလင်းထွန်း၊ အသက် ၇၇ နှစ်အရွယ် ဒေါ်ခင်စီ နှင့် အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

နံနက် ၄ နာရီဝန်းကျင် အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့သည့် မီးကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် သထုံ မြို့နယ်တို့က မီးငြိမ်းသတ်ယာဥ်များ၊ မီးသတ်ရေသယ်ယာဥ်များနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ် ခဲ့ရာ နံနက် ၅ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးသည် စိတ်ကျန်းမာရေး မကောင်းသူ ဖယောင်းတိုင်ထွန်းရာမှ တဆင့် ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု မီးသတ်အဖွဲ့နှင့် ဒေသခံများက ယူဆထားကြသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်လင်းထွန်းက ထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေ စပြီး ကူးစက်လောင်ကျွမ်းသွားတယ် လို့ တော့ ယူဆနေကြတယ်” ဟု ပြောသည်။

လက်ရှိတွင် နေအိမ်မီးလောင်ကျွမ်းသွားသည့် အိမ်ထောင်စုများကို ဇင်းကျိုက် ညောင်ကျောင်းဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဇင်းကျိုက်တွင် ယခုတစ်ကြိမ်ပါဆို ယခုနှစ်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ် အတွင်းက နှစ်တစ်ရာကျော် သက်တမ်းရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် သထုံမြို့နယ်က နှစ်တစ်ရာကျော် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း မီးလောင်း ကျွမ်းမှုဖြစ်ပွားခဲ့သည်။