အရပ်သား ဖမ်းလာသော တပ်ရင်းမှူးကား တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးအပါအဝင် သုံးဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်။

အရပ်သားကို ဖမ်းဆီးတင်ဆောင်လာသည့် စစ်ကောင်စီကား သထုံတွင် ပစ်ခတ်ခံရပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးသည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာတွင် ပြည်သူကို ဖမ်းဆီးလာသော စစ်ကောင်စီကား ပစ်ခတ် ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ် ပြန်ထားသည်။

သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “စကစဘက် လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်း သူ အပါအဝင် ၃ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ကားပေါ်မှာ ပါ လာတဲ့ လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့တယ်” ဟု ပြောသည်။

စစ် ကောင်စီကားကို ကြာသပတေးနေ့ နံနက် ၅ နာရီခန့်တွင် မသင်္ကာသဖြင့် တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြော သည်။

မတရား ဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ချက်ထားသည်။

စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဝင်းစိန်ကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေး တိုးချဲ့ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဗိုလ်မှူးချစ်ဝင်းသူသည် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှုဖြစ်စဥ်တွင် အဓိက ပါဝင်သူတစ်ဦးဖြစ်ပြီး ဒေသအတွင်းရှိ တက်ကြွလှုပ်ရှားသူများ၊ လူငယ်များကို ဖမ်းဆီးနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဗိုလ်မှူးချစ်ဝင်းသူသည် ဒေသအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုကိုလည်း အဓိက လုပ်ဆောင် နေသူတစ်ဦး ဖြစ်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။ သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကားအား ပစ်ခတ်ပြီး အပြန် ညနေ ၂ နာရီခွဲ အချိန်တွင် ညာဓဝယ်ကျေးရွာရှိ အမှတ် (၁) အမြောက် တပ်ကို ၄၀ မမ ဗုံးသီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အထိအခိုက်ကိုမူ မသိရသေးဘူးဟုလည်း သထုံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း သထုံမြို့နယ် ထောင်မှူး ကျေးရွာအုပ်စု၊ စျေးမသွယ်ကျေးရွာက နယ်ထိန်း ရဲတပ်ကြပ် အောင်ဝင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့သည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် အပြင် စစ်ကောင်စီယာဥ်များလည်း မကြာခဏ ပစ်ခတ်ခံရလေ့ရှိသည်။