မြိတ်-ထားဝယ် လမ်း အသုံးမပြုရန် PDF ကြေညာချက်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

မြိတ်-ထားဝယ် သွား ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာ အသုံးမပြုကြရန် PDF အဖွဲ့က ပြည်သူ များကို သတိပေးထားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် သွား ပြည်ထောင်စု လမ်းမကြီးကို နိုဝင်ဘာလ ၉ ရက်မှစတင်၍ ပြည် သူများ အနေဖြင့် ဖြတ်သန်းသွားလာ အသုံးပြုခြင်း မလုပ်ကြရန် သရက်ချောင်းနှင့် ပုလောမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

“လမ်းမကြီးတလျှောက် ယာဉ်အသွားအလာတွေ မတွေ့ရတော့ဘူး။ လမ်းပိတ်လိုက်တာကြောင့် ကုန်ဈေးနှုန်း တွေ တက်ပြေးလာမှာကို စိတ်ပူနေကြရတယ်” ဟု သရက်ချောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား ယခုရက်ပိုင်းအတွင်း နေရာအနှံ့ တွင် နေ့စဉ် ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေခြင်းတို့ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ရက်ကန့်သတ်မရှိ အဆိုပါ ကားလမ်းမပေါ်တွင် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် သရက် ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်သည်။

ပြည်သူများ အနေဖြင့် မြိတ်-ထားဝယ် လမ်းမကြီးကို သရက်ချောင်းမြို့နယ်- ပကဖ အဖွဲ့က နောက်ထပ် ထုတ် ပြန်ကြေညာချက် မထုတ်ခင်အထိ အကန့်အသတ်မရှိ သွားလာခြင်း မပြုကြဖို့ကိုလည်း အဆိုပါ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

“စစ်ကောင်စီ ယာဉ်တန်းတွေက ခရီးသွား ပြည်သူ့ယာဉ်ကားတွေကို ဒိုင်းကာ အဖြစ်အသုံးပြုပြီး ကြားညှပ် မောင်းနှင်လာခဲ့ရင် ခြုံခိုတိုက်ခိုက်မှု မစ်ရှင်တွေ အတွက် အရမ်းကို အခက်ခဲ ဖြစ်ရပါတယ်။ အခုလို ထုတ်ပြန် ရတာလည်း ပြည်သူတွေကို လုံခြုံစေဖို့ပဲ ဖြစ်ပါတယ်” ဟု သရက်ချောင်း ပကဖ အဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အလားတူ ပြည်သူ့ ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း – ၁ ကလည်း ပုလောမြို့နယ်အတွင်း နေ့စဉ်
ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြှင့်ကာ တိုးမြှင့် တိုက်ခိုက်သွားမည် ဖြစ်သည့်အတွက် မြိတ်- ထားဝယ် သွား ကားလမ်းကို နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး သွားလာခြင်း မလုပ်ဖြို့ ထုတ်ပြန်ကြေညာ ထား သည်။

ပုလောမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေရာမှ ယခု နိုဝင်ဘာပထမအတွင်းမှ စတင်၍ တိုက်ပွဲ များ အရှိန်မြင့်တက်လျှက်ရှိပြီး နေရာအနှံ့တွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

နိုဝင်ဘာလ ၇ရက်နေ့တွင်လည်း မင်းထိန်ကျေးရွာအနီး စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရန် ပွိုင့်ကင်း ထွက် လာသည့် ခြေလျင်စစ်ကြောင်းနှင့် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပဝတ်ကုန်း၊ ကဒဲ၊ နန်းတောင်ကျေးရွာတို့တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်လည်း စိုးရိမ်ထိတ်လန့်ကာ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေ ကြရသည်ဟု ဒေသခံများက ပြောသည်။