သတ်ဖြတ်ခံရသူနှင့် အတူ ဖမ်းခံရသူ ပြန်လည် လွတ်မြောက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။၏
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
သတ်ဖြတ်ခံခဲ့ရသည့် ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF ခေါင်းဆောင် ဗိုလ်အောင်ခိုင်၏ ဖခင်ဖြစ်သူနှင့် အတူအဖမ်းခံခဲ့ရသူမှာ ဒဏ်ရာများဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF ခေါင်းဆောင် ဗိုလ်အောင်ခိုင်၏ ဖခင်ဖြစ်သူနှင့်အတူ တညတည်းတွင် အဖမ်းခံခဲ့ရသည့် ဦးနောင်မဲ ဆိုသူ ဒဏ်ရာများဖြင့် ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။
ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “မနက်ပိုင်းကပဲ ပြန်လွတ် လာတယ်။ မျက်နှာ၊ ကျောကုန်းနဲ့ ခြေထောက်တွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ မြင်လို့တောင် မကောင်း ဘူး။ ကံကောင်းလို့ မသေတာ။ တော်တော်တော့ကုရမယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ဒဏ်ရာ များနှင့် ပြန်လွတ်လာခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထားဝယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်အောင်ခိုင်၏ ဖခင်ဖြစ်သူ ဦးကြည်လွင် နှင့်အတူဦးနောင်မဲကိုပါ ဖမ်းဆီးသွားခဲ့ ခြင်း ဖြစ်သည်။
ဦးနောင်မဲကို ကြက်စာပြင်ရပ်ကွက်မှ ငါးဒိုင်တစ်ခုရှိ ငါးခြင်းများ တင်ဆောင်ထားသည့် သုံးဘီးယာဉ်နှင့် အတူ ရောက်ရှိလာချိန် ရိုက်နှက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ငါးရောင်းချနေသူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဗိုလ်အောင်ခိုင်၏ ဖခင်ဖြစ်သူ ဦးကြည်လွင်မှာ စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ကို ခံခဲ့ရသဖြင့်
တစ်ညတည်း အတူ ဖမ်းဆီးခံလိုက်ရသည့် ဦးနောင်မဲကိုလည်း အသတ်ခံလိုက်ရပြီဆိုသည့် ထင်ကြေးပေး ပြော ဆိုမှုများ ထွက်ပေါ်နေရာမှာ ယခုကဲ့သို့ ဒဏ်ရာများနှင့် ပြန်လွတ်မြောက်လာခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်လိုက်သည့် ဗိုလ်အောင်ခိုင်၏ဖခင်ဖြစ်သူ ဦးကြည်လွင် ရုပ်အလောင်း မျက်နှာပေါ်တွင် ရိုက်နှက်ခံထားရသည့် အညိုအမည်း ဖူးယောင်ဒဏ်ရာများနှင့် နားထင်တွင်လည်း သေနတ် ဒဏ်ရာ တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူ ဦးကြည်လွင်၏ အလောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့(ယနေ့) နေ့လည်ပိုင်းတွင် သင်္ဂြိုဟ်လိုက်ပြီ ဟု ဒေသခံများက ပြောသည်။