အော်ဒါမရသဖြင့် အထည်ချုပ် စက်ရုံ ပိတ်၊ အလုပ်သမား ၈၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်သဖြင့် အလုပ်သမား ၈၀၀ နီးပါးခန့် အလုပ်လက်မဲ့ ဖြစ်သွားသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း စက်မှုဇုန်ရှိ Chai Moon Sport အထည်ချုပ် စက်ရုံမှာ အလုပ်သမားများကို ကြိုတင်အသိမပေးပဲ ရုတ်တရက် ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမား ၇၈၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ထိုစက်ရုံမှ လုပ်သားများက ပြော သည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က အလုပ်တက်ကြတော့ အော်ဒါပြတ်သွားလို့ တစ်ပတ်လောက် ခဏပိတ်မယ် လို့ ပြောတယ်။ တစ်ပတ်ပြည့်တဲ့နေ့ကြတော့ အော်ဒါတွေ မရောက်သေးလို့ ၂လ ဆက်ပိတ်ထားမယ် ဆိုပြီး မန် နေဂျာက ပြောတယ်။ အော်ဒါ ဘယ်တော့ရောက် မလဲဆိုတာ သေချာမသိရဘူး” ဟု စက်ရုံ အလုပ်သမား ခေါင်း ဆောင် တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် အထည်ချုပ်စက်ရုံမှ အလုပ်သမား စက်ရုံသို့သွားရာ အဆိုပါ စက်ရုံအား နောက်ထပ် ၂ လ ပိတ်မည်ဟု စက်ရုံမန်နေဂျာက ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ အလုပ်သမား ခေါင်း ဆောင်က ပြောသည်။
စက်ရုံဘက်မှ အလုပ်သမားများကို ကြိုတင် အသိမပေးပဲ ရုတ်တရက် ပိတ်သိမ်းလိုက်ပြီး အလုပ်သမားအတွက် နစ်နာကြေး၊ လူမှုဖူလုံရေး ငွေထုတ်မပေးခြင်း၊ မည်သည့်နေ့တွင် အလုပ်ပြန်လုပ်ရမည်တို့ကို တိကျသည့် အဖြေ မပေးခြင်း၊ ရပ်နားခံထားရသည့် ကာလအတွင်း အလုပ်အကိုင်သစ် မရရှိနိုင်ခြင်းစသည့် အခက်အခဲများ နှင့် ရင် ဆိုင်နေကြရသည်ဟု အလုပ်သမားများက ပြောသည်။
ထိုစက်ရုံ၌ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း စသည့် မြိုနယ်များရှိ ကျေးရွာများမှ အလုပ် လာရောက် လုပ်ကိုင်နေသည့် အလုပ်သမား ၇၅ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး အဆောင်ငှားနေသည့် အထည်ချုပ် အလုပ် သမား အများစုသည် မိသားစုလိုက် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်နေကြသူများ ဖြစ်သည်ဟု ပြောသည်။
စက်မှုဇုန်အတွင်း စားသောက်ကုန်ရောင်းချသည့် ဆိုင်များက စက်ရုံလုပ်သားများကို လစာထုတ်ရက်၌ ရှင်းပေး ရသည့် တစ်လဆိုင်း အကြွေးစနစ်ဖြင့် ဆန်နှင့် အခြား စားသောက်ကုန်များကို ရောင်းချပေးခဲ့သော်လည်း စက်ရုံ ပိတ်နားလိုက်သည့် အတွက် လဆိုင်းဖြင့် မရောင်းပေးတော့ဘူးဟု စက်ရုံလုပ်သားအချို့က ပြောသည်။
ထို့အပြင် စက်ရုံ လုပ်သားများကို အရစ်ကျပေးသွင်း စနစ်ဖြင့် ရောင်းချထားသည့် ပုသိမ်မြို့က ဖုန်းဆိုင်အချို့၊ စက်ဘီးဆိုင်အချို့ နှင့် ဆိုင်ကယ်ဆိုင်အချို့မှာလည်း စက်ရုံပိတ်လိုက်ခြင်းကြောင့် ရောင်းသူ နှင့် ဝယ်သူ အကြား ငွေရေးကြေးရေး ပြဿနာ အခက်အခဲများရှိလာနေသည်ဟု ဆိုသည်။
“ပုံမှန် ဝင်ငွေ ရတဲ့ အလုပ်အကိုင် မရှိရင်တော့ ဘယ်သူကမှ အကြွေးရောင်းမှာ မဟုတ်ဘူး။ ရုတ်တရက်ဆို တော့ ဘာလုပ်ရ ကိုင်ရမှန်း မသိသေးဘူး။ အလုပ်လုပ်ချင်တယ်။ အလုပ်အကိုင်က ရှာရခက်တယ်” ဟု စက်ရုံ အလုပ်သမားတစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဧရာဝတီတိုင်း၌ စားသောက်ကုန် အပါအဝင် အထွေထွေ ကုန်ဈေးနှုန်း များ တက်ခြင်းနှင့် အလုပ်အကိုင်ရှားပါးမှု တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။
ချုပ်ထည် အော်ဒါ မလာတော့သဖြင့် အလုပ်ပိတ် ရပ်နားလိုက်ရသည့် တရုတ်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်သည့် Chai Moon Sport အထည်ချုပ်စက်ရုံမှ ချုပ်လုပ်သည့် အထည်များကို တောင်ကိုရီးယားနိုင်ငံနှင့် အနောက်ဥရောပ နိုင်ငံ အချို့သို့ တင်ပို့ရောင်းချသည်ဟု အလုပ်သမားရေးရာရုံး က တာဝန်ရှိသူများက ပြောသည်။
ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်ရှိ ကင်မလင်းကျွန်း စက်မှုဇုန် နှင့် အမှတ် ၁၂ ရပ်ကွက်ရှိ ပုသိမ် စက်မှုဆိပ်ကမ်း မြို့တော် စက်မှုဇုန်တို့တွင် အထည်ချုပ်စက်ရုံ ၁၅ ရုံ ဝန်းကျင်ခန့် ရှိနေပြီး အချို့စက်ရုံများလည်း အမှာ အော်ဒါ ထည် နည်းပါးလာခြင်းကြောင့် လာမည့် မတ်လအတွင်း လုပ်သားလျှော့ချခြင်းနှင့် စက်ရုံ ရပ်နား ပိတ်သိမ်းမှုများ ဖြစ်လာနိုင်သည်ဟု အထည်ချုပ်လုပ်ငန်း နှင့် နီးစပ်သူများ က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဧရာဝတီတိုင်း၊ မအူပင်မြို့၊ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ရုံ ရုတ်တရက် ပိတ်သိမ်း ရပ်နားခဲ့ရသဖြင့် စက်ရုံ အလုပ်သမား တစ်ထောင်ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့သေးသည်ဟု ဒေသခံ သတင်း အရင်းအမြစ်များက ပြောသည်။