ဖမ်းဆီးခေါ်ဆောင်သွားသူ၏ အလောင်းသာ ပြန်တွေ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် စစ်ကောင်စီက ဖမ်းသွားသူကို ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းသာ ပြန်တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာရှိ ဒေသအခေါ် ကလောကွက်တွင် စစ် ကောင်စီ၏ ခမရ ၅၆၀ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားသူ ကိုဟိန်းမင်းကျော်၏ အလောင်းကို ၄ ရက် အကြာတွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ဝါးချောင်းရွာသားတစ်ဦးက “ဦးခေါင်း နောက်စေ့မှာ သေနတ်ဒဏ်ရာ တွေ့ရတယ်။ ပြီး တော့ အလောင်းဘေးမှာ ကိုးလုံး ကျည်ခွံ တစ်ခုလည်း တွေ့ရတယ်။ စစ်တပ်က ဖမ်းသွားတာ တရွာလုံးမြင်တာ တောင် မသိရင် PDF တွေကပဲ ပစ်သတ်သွားတဲ့ပုံစံပေါ့” ဟု ပြောသည်။
နိုဝင်ဘာလ ၅ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က ဝါးချောင်းကျေးရွာ ထိပ်တွင်ရှိနေသည့် ယုဇန ဆီအုန်းခြံ တာဝန် ခံ ကိုဟိန်းမင်းကျော်အား ခမရ (၅၆၀) တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့် ရောက်ရှိလာပြီး ရိုက် နှက် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အလောင်းစွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ကျေးရွာအတွင်းရှိ စစ်ကောင်စီနှင့် ပတ်သက် ဆက်နွယ်နေသူ အချို့ကလည်း အနီးဝန်းကျင် ကျေးရွာများတွင် ကိုဟိန်းမင်းကျော် အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပစ်သတ်သွားခြင်း ဖြစ်သည်ဟု မဟုတ်မမှန် ဝါဒဖြန့် ပြောဆိုမှုများ ရှိနေသည်ဟု ဝါးချောင်းရွာသားများက ပြောသည်။
ကိုဟိန်းမင်းကျော် ပစ်သတ်ခံပြီး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ နှင့် ပြည်သူများအကြား ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်၊ ရန်တိုက်၊ ဝါဒဖြန့်ခြင်းသာ ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော် ကော့သောင်းခရိုင်တပ်ရင်း (၁) နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ပါကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယုတ်မာကောက်ကျစ်မှုများအား ပြည်သူလူထုများ အနေဖြင့် အထူးသတိပြုကြရန် လည်း အဆိုပါ ထုတ်ပြန်ချက်အတွင်း ရေးသားဖော်ပြထားသည်။
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း မြိတ်-ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီး တလျှောက် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ၏ ခြေလျင်စစ်ကြောင်းများနှင့် ယာဉ်တန်းများအား ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ခြုံခို၊ မိုင်းဆွဲတိုက်ခိုက်လေ့ရှိရာ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဘက်မှ သေဆုံးဒဏ်ရာရမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။