ဖယ်ခုံတွင် တော်လှန်ရေး အဖွဲ့များက ခွင့်ပြုသည်ဟု သတင်းမှားပေးကာ ကျောင်းဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် အမည်အလွဲသုံးစားလုပ်ကာ ကျောင်းဖွင့်နေခြင်းအား အရေးယူ သွားမည် ဟု ကရင်နီ တော်လှန်ရေးအင်အားစုများ က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ Non – CDM ပညာရေးဝန်ထမ်းများက တော်လှန်ရေးအင်အားစုများနှင့် NUG အစိုးရ အမည်များ အသုံးချကာ ကျောင်းများ ဖွင့်လှစ်နေသည့်အပေါ် အရေးယူသွားမည်ဟု မိုးဗြဲ PDF အဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “ဒီဟာတော့ သူတို့အနေနဲ့ ကျောင်းဖွင့်တယ် ဆိုတဲ့သဘော။ ကျောင်းမှာ ကလေးတွေက မရှိတော့ ကလေးတွေ ကျောင်းတက်အောင်ဆိုပြီး အလွဲသုံးစားလုပ်တဲ့ သဘော ထင်တယ်။ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ပြောပြချက်အရတော့ ဒီသဘော ဖြစ်နေတယ်။ NUG ဖွင့်တဲ့ ပုံစံဖမ်းပြီး ကလေးတွေ ကျောင်းအများကြီး တက်အောင်ပါ့” ဟု ပြောသည်။
ဖယ်ခုံမြို့၊ နမ့်ဟူးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ယခင် အ.မ.က ၇ ကျောင်း) အား တော်လှန် ရေး အင်အားစုများ၏ သက်ဆိုင်ရာ တပ်ရင်းမှူးများနှင့် ညှိနှိုင်းပြီးဟု ဆိုကာ မိဘပြည်သူများထံ မှားယွင်း သတင်း ပေးကာ နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ ကျောင်းဖွင့်နေခြင်းဖြစ်သည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများ က ပြောသည်။
ထိုသို့ မှားယွင်းစွာ သတင်းပေးပြီး ၎င်းတို့ အမည်များအသုံးချကာ ကျောင်းဖွင့်နေမှုအပေါ် တော်လှန်ရေး အင် အားစုများ အနေဖြင့် အသိမှတ်ပြုမည် မဟုတ်ကြောင်းနှင့် မှားယွင်းစွာ ထုတ်ပြန်ခဲ့မှုအပေါ် တာဝန်ခံရမည် ဖြစ် ကြောင်း မိုးဗြဲ PDF အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မိုးဗြဲ PDF အပါအဝင် တော်လှန်ရေး အင်အားစုများ ဖြစ်သည့် ဖယ်ခုံ PDF နှင့် ဖယ် ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့တို့လည်း ပူးပေါင်း လက်မှတ်ရေးထိုးကာ သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထို့အပြင် ယင်းထုတ်ပြန်ချက်အား ဖယ်ခုံမြို့နယ် အခြေစိုက် KNDF တပ်ရင်း ၃ နှင့် တပ်ရင်း ၁၁ တို့လည်း ပူးတွဲ မိတ္တူအနေဖြင့် ဖော်ပြထားသည်။
မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “အရေးယူဖို့ ရှိမယ် ထင်တယ်။ ကျနော်တို့က တရားခံကိုလည်း ရှာမယ်။ နောက်ပြီး ဆရာမတွေပေါ့နော်။ ဒီဟာတွေကို ကျနော်တို့ ဖော်ထုတ်ပြီး သိတဲ့ တစ်နေ့ အရေးယူမှာ တော့ သေချာတယ်” ဟု ပြောသည်။
ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ အနေဖြင့် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းများမှ သင်ယူပြီး တတ် မြောက်လာမည့် ကျောင်းသား/သူများအား တော်လှန်ရေးကာလအလွန်တွင် အသိအမှတ်ပြုမည် မဟုတ်ပဲ အမျိုး သား ညီညွတ်ရေး အစိုးရ (NUG) ၏ ပညာအရည်အချင်း စစ်ဆေးအကဲဖြတ်မှုဖြင့် အောင်မြင်သူများကိုသာ အသိမှတ်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား ထားသည်။
ထို့အပြင် တော်လှန်ရေး အင်အားစုများ အနေဖြင့် အမည်အလွဲသုံးစား လုပ်ရပ်တွင် ပါဝင်ကြသူများအား ထပ်မံ အတည်ပြု စစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည် ဟု ဖော်ပြထားသည်။
ဖယ်ခုံမြို့နယ်တွင် NUG အစိုးရ၏ ပညာရေးဘုတ်အဖွဲ့ လက်အောက်ခံ ကျောင်းများနှင့် ကယန်းကိုယ်ထူကိုယ်ထ ကျောင်းများ ၇၀ နီးပါးခန့် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသူ/သားပေါင်း တစ်သောင်းကျော်ခန့် ပညာသင် ကြားနေသည် ဟု ထိုကျောင်းများ၏ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။