အရပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ယခုအသတ်ခံရသူများသည် အောက်တိုဘာလအတွင်း အသတ်ခံရခြင်း ဖြစ်သည်ဟု KNU သထုံခရိုင်က နိုဝင် ဘာလ ၉ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင် ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လမ်းကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်တို့က ကျိုက်ထိုမြို့နယ် အထက် အင်္ဂ ဘိုရွာသား အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်စိန်မှာ အောက်တိုဘာလ ၁၄ ရက် က ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်ပြီး သတ်ဖြတ်ခံလိုက်ရသည် ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ထို့အပြင် ပိန္နဲကုန်းကျေးရွာတွင် ဈေးသွားရောင်းရင်း စစ်ကောင်စီ စစ် ကြောင်းနှင့် တွေ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အထက်အင်္ဂဘိုကျေးရွာသား အသက် ၃၀ အရွယ် ကိုဇော်ထက် လည်း သတ်ဖြတ်ခံခဲ့ရသည့်အပြင် အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း ရွှေခဲရိုးကျေးရွာသား အသက် ၆၆ နှစ် အရွယ် ဦးမှုံကြီး ဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဒေသခံရွာသားတစ်ဦးက “စစ်တပ်တွေ ရွာထဲဝင်ပြီး တွေ့တဲ့လူကို ဖမ်းတာ။ ဖမ်းသွားပြီး သေလား ရှင်လား မသိ ရဘူး။ စစ်ကြောင်းတွေ ပြန်ဆင်းသွားတော့မှ အလောင်းတွေ့မှ သေမှန်းသိရတာ” ဟု ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့်တို့က ကျိုက်ထီးရိုး ဝိဇ္ဇာတောင် ဘက်က စစ်ကြောင်းတစ်ကြောင်း အထက်အင်္ဂဘို စစ်တပ်ကုန်းဘက်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျိုက်ထို မြို့နယ် KNU ထိန်းချုပ်နယ်မြေ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု KNU သထုံခရိုင်ထံမှ သိရ သည်။

ကျိုက်ထိုမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် အပြင် ဒေသခံများ၏ အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟုလည်း KNU က ပြောဆိုထားသည်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်နောက်ပိုင်း ဒေသခံပြည်သူ ၈၀၀၀ ကျော်ခန့်က ဘေးလွတ်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေး ကူညီ နေသူများက ပြောသည်။