ကျိုက်မရောရှိ ရဲစခန်းနှင့် တံတားဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့များက နံနက် ၅ နာရီခွဲ အချိန်ခန့်က ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို ဝင် ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းကို မီးရှို့ရှင်းလင်းသွားခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

“မနက်အစောကြီးမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရဲစခန်းနဲ့ တံတားထိပ်က စစ်ဆေးရေးဂိတ်ကို ဝင်ပစ် သွားတာ၊ ပစ်ပြီးတော့မှ ရဲစခန်းကို မီးရှို့သွားတယ်၊ ထိခိုက်မှု ရှိ မရှိတော့ ကျနော်တို့လည်း မသိသေးဘူး” ဟု ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ပြောသည်။

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီဘက်က လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ချောင်းနှစ်ခွနှင့် အနီးနားရှိ ကျုံကွယ်၊ မရမ်း ကုန်း၊ ကော့စပ်၊ ကူချလဘက်က ထောင်နှင့်ချီသည့် ဒေသခံများက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေ ကြရသည်။

ချောင်းနှစ်ခွ လူမှုကယ်ရေးအဖွဲ့ဝင် တစ်ဦးက “ရွာလုံးကျွတ်နီးပါးက ဘေးလွတ်ရာကို ထွက်ပြေးကုန်ပြီ။ လက် ရှိ အချိန်ထိတော့ လူထိခိုက်တာတွေတော့ မရှိသေးဘူး။ လေယာဥ်ကတော့ ဝဲနေတုန်းပဲ” ဟု ပြောသည်။

စစ်ကောင်စီဘက်က ချောင်းနှစ်ခွ ရဲစခန်း အသိမ်းခံလိုက်ရပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက် လုပ်ဆောင်နေပြီး တနေကုန်နီးပါး လေယာဉ်ပျံဝဲမှုများ ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က လေယာဉ်နှင့် အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေသည့်အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတား စစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း ရဲတပ်ဖွဲ့ဝင်အချို့ ထိ ခိုက်သေဆုံးမှုများရှိသည့် အပြင် ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု ဒေသခံများအကြား ပြောဆိုနေကြသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းနှစ်ခွတံတား စစ်ဆေးရေးဂိတ်စခန်းသည် မတ်လ ၁၉ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့က တစ် ကြိမ်၊ ဇွန်လ ၁၄ ရက်နေ့က တစ်ကြိမ် တိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် BGF တပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူလည်း ရှိခဲ့သည်။