ဗုံးခိုကျင်းသို့ ဝင်ရန် ပြင်နေသည့် အရပ်သား တစ်ဦး လက်နက်ကြီးထိမှန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် မိုးမောက်တွင် ဗုံးခိုကျင်းအတွင်း ဝင်ရောက်ခိုလှုံရန် ပြင်ဆင်နေသည့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နှင့် ၃ မိုင်ခန့်အကွာ လုံဂျာတောင်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြား အချိန်၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ တပ် ၏ ၂ မိုင် အမြောက်တပ်ဘက်မှ မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည် ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ကူညီဆောင်ရွက်ပေးနေသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ထိတဲ့ နေ ရာက ၃ နေရာ ထိတယ်ပေါ့ နော်။ ခြေထောက်နှစ်ဖက် ထိတယ်။ လက်ပြင်ထိပြီး လည်ပင်းကနေ ပေါက်ထွက် သွားတယ်” ဟု ပြောသည်။
လက်နက်ကြီး ထိမှန်သူမှာ မိုးမောက်မြို့၊ ခါနန်ရပ်ကွက် ၃ တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် ကိုဘရန် အောင် ဖြစ်ပြီး ၎င်းမှာ နေအိမ်မှထွက်လာကာ ဗုံးခိုကျင်းထဲသို့ ဝင်ရန်ပြင်ဆင်နေချိန် ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ထို့နောက်တွင် ၎င်းမှာ ဒဏ်ရာပြင်းထန်၍ မိုးမောက်ဆေးရုံတွင် ကုသရန် မဖြစ်နိုင်တော့ပဲ ဗန်းမော်ပြည်သူ့ ဆေး ရုံကြီးဆီသို့ ပြန်ပို့ဆောင်ပေးခဲ့ရသည်ဟု ကူညီဆောင်ရွက်ပေးနေသူများ က ပြောသည်။
လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးအပြင် ဆိုင်ကယ်ဝပ်ရှော့ဆိုင် တစ်ဆိုင် လည်း ထိမှန် ပျက်စီးသွားခဲ့သည်။
ထိုမျှမက ခါနန်ရပ်ကွက် ၃ တွင် စစ်ကောင်စီတပ်သားများက လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။ သို့သော် မီးရှို့ခံရစဉ် မီးသတ်ဌာနကို အကြောင်းကြားသော်လည်း စစ်တပ်က ခွင့်မပြု သောကြောင့် လာရောက်ခဲ့ခြင်း မရှိဘူးဟု ဆိုသည်။
မိုးမောက်မြို့၊ လုံဂျာတောင်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီတပ်များမှာ မြို့တွင်းရှိ ခါနန်ရပ်ကွက်နှင့် နောင်ပုံကျေးရွာသို့ တစ်ရက်ခြား တစ်ကြိမ်ခန့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ရပ်ကွက် နေပြည်သူများမှာ ကြောက်ရွံ့စိုးရိမ်ထိတ်လန့်နေကြသည်ဟု ပြောသည်။
ထို့ကြောင့် မြို့ခံပြည်သူများမှာ မိုးမောက်ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်နေကြရပြီး အချို့မှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းများတူး၍ ပုန်းခိုနေရသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးနေသည့် အဖွဲ့အစည်းများပင်လျှင် လက်နက်ကြီး ထိမှန်မည့် အန္တရာယ်ကို စိုးရိမ်နေရသည်။
မိုးမောက်မြို့က လူမှုကူညီရေးအသင်းတစ်သင်းက တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့လည်း အန္တရာယ်ရှိတာ ပေါ့။ ဖြစ်တဲ့နေရာမှာ သွားသယ်ရတယ်ဆိုတော့ ကိုယ့်အတွက်လည်း လုံခြုံမှု မရှိဘူးပေါ့” ဟုပြောသည်။
မိုးမောက်မြို့တွင် ယခု ၂၀၂၂ ခုနှစ် မတ်လအတွင်းမှစတင်ပြီး တိုက်ပွဲပြင်းထန်လာမှုကြောင့် အရပ်သားပြည်သူ ၅၀၀၀ ကျော်ခန့် စစ်ရှောင်နေကြရပြီး ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော် ခန့် ထပ်တိုးလာသည်။
ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်၍ ယနေ့အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၁၀ ဦးကျော်ခန့် ရှိပြီဟု ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများရှိ တာဝန်ရှိသူများက ပြောသည်။