ချောင်းနှစ်ခွ ရဲစခန်း တိုက်ခိုက်မှု ရဲ သုံးဦးသေ၊ လေးဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်မှုတွင် ရဲ သုံးဦးသေ၊ လေးဦးဖမ်းမိကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပြောဆို လိုက်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲသုံးဦး သေဆုံးပြီး၊ လေးဦးကို အရှင်ဖမ်းဆီးရမိသည်ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
“စခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ ရဲဘော် တလာကိုနဲ့ ဒုရဲ အုပ် နန္ဒစိုးတို့ ထွက်ပြေးသွားတယ်။ တပ်ကြပ်ကြီး အေးကို၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား လွင်ကိုဟိန်းနဲ့ ရဲ တပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တယ်” ဟု နဂါးနီစစ်ကြောင်းတာဝန်ရှိသူ တစ်ဦး က ပြောသည်။
ချောင်းနှစ်ခွကျေးရွာ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီ စစ်ကြောင်းတို့က နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး အပါအဝင် သုံးဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦးက ထွက်ပြေး လွတ် မြောက်သွားသည်။
သို့သော် ချောင်းနှစ်ခွကျေးရွာ ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် ရဲတပ်သားနှစ်ဦး တို့ ကို အရှင်ဖမ်းဆီးရမိထားသည်ဟု နဂါးနီစစ်ကြောင်းက တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။
ထို့အပြင် AK 47 တစ်လက်၊ M16 ၄ လက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို တစ်လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊ G3 ကျည် ၃၀၀၊ ၆၀ မမ ကျည် ၁၀ လုံး စသည့်လက်နက်ခဲ့ယမ်းများလည်း သိမ်းဆည်းရမိကြောင်း နဂါးနီ စစ်ကြောင်း၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်စဥ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတပ်သားများ ထိခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။
ရဲစခန်း တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လေယာဥ်ဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခြင်း ကြောင့် နေအိမ်အဆောက်အဦ အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် ဒေသခံများ ထောင်နှင့်ချီလည်း ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“မနေ့က ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ လူတွေကတော့ မပြန်ရဲကြသေးဘူး။ ဒီနေ့တော့ ပစ်တာ ခတ်တာ မရှိ ပေမယ့် လူတွေက ကြောက်နေကြတယ်လေ” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦး က ပြောသည်။
ချောင်းနှစ်ခွရဲစခန်းနှင့် တံတား စစ်ဆေးရေးဂိတ်စခန်းသည် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ နှင့် BGF တပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးခဲ့သည်များလည်း ရှိခဲ့သည်။