ပြည်ထောင် တရားရုံးက ပရဟိတ သမားနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ပရဟိတ သမား နှစ်ဦးကို အကြမ်းဖက် ဥပဒေပုဒ်မဖြင့် စစ်ကောင်စီ၏ ပြည် အကျဉ်းထောင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု မိသားစုဝင်များက ပြောသည်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ထဲက ပရဟိတလုပ်ကိုင်သူ ၂ ဦးကို ပြည်အကျဉ်းထောင် တရားရုံးက ပုဒ်မ ၅၀-က နှင့် ထောင်ဒဏ် ၁၀ စီ ချမှတ်လိုက်သည်ဟု မိသားစုဝင် များက ပြောသည်။
”သူတို့ ၂ယောက်စလုံး က အာဏာသိမ်းပြီး မကြာခင် ၅၀၅-ကနဲ့ ဝရမ်းထုတ်ခံထားရလို့ ရှောင်နေကြတာ။ ကျန်း မာရေးချို့တဲ့လို့ အိမ်ခဏပြန်အလာ အဖမ်းခံရတာ။ ဘာအကြမ်းမှလည်း မဖက်ဘူး။ လူကောင်းတွေပါ။ ထုံးဘို မှာ သူတို့ ကျေးဇူးကင်းတဲ့ဟာ ခပ်ရှားရှားပါ” ဟု မြို့ခံ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး က ပြောသည်။
ဒေသအတွင်း လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီလေ့ရှိသူ ကိုနန္ဒာကြီး အသက် ၄၅ နှစ် နှင့် ကိုဇော် မင်းလွင် (ခ) ခိုင်ဇော်မင်း အသက် ၃၅ နှစ် တို့ကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရပြီး ၇ နီးပါ အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။
ထုံးဘို မြို့မိမြို့ဖတစ်ဦး က ”ထောင်ချတော့ ၅၀-က နဲ့ ၁၀ နှစ်ဆိုတော့လေ အငြိုးအတေးနဲ့ ထောင်ချတော့ လူကောင်း သူကောင်းတွေအတွက် နစ်နာတယ်” ဟု ပြောသည်။
ကိုနန္ဒာကြီးနှင့် ကိုဇော်မင်းလွင် (ခ) ခိုင်ဇော်မင်းတို့ ၂ ဦးသည် COVID-19 ကာလတွင် ဒေသတွင်း ရောဂါ ကူးစက်ခံ ရသူများအတွက် နေ့မအား ညမနား ကူညီခဲ့ကြပြီး လူအများ အဓိကလိုအပ်သည့် အောက်ဆီဂျင်ကိုလည်း ရအောင် ကူညီဖြေရှင်းနိုင်ကြခဲ့ကြ သဖြင့် ပြည်သူများက လေးစားချစ်ခင်ကြသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပန်းတောင်းမြို့နယ်အတွင်း၌ နိုင်ငံရေးအရ ပုဒ်မပေါင်းစုံနှင့် စွပ်စွဲဖမ်းဆီးခံထားရပြီး ယနေ့အချိန်ထိ အမိန့်မချရ သေးသူ ကျား/မ စုစုပေါင်း အယောက် ၄၀ နီးပါး ခန့် ရှိသည်ဟု အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် နီးစပ်သူ များက ပြောပြသည်။