မေ့ပျောက်သွားမှာ မဟုတ်တဲ့ အနန့်ပါ (သို့မဟုတ်) စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ခြင်း
အားမီ
သတင်းနဲ့ မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
“ကျနော်တို့နေတဲ့နေရာကနေ ညလေယာဉ်သံကြားတယ် အရင်၊ နောက်ပြီး လက်နက်ကြီးသံတွေလိုလို ပစ်ခတ် သံတွေ ကြားတယ်။ ထင်တာတော့ လေယာဉ်လာတာလည်း ဒီအတိုင်းပဲပေါ့။ လက်နက်ကြီးပစ်သံကြားတော့ တချက်ဆုတောင်းလိုက်တာက လူမရှိတဲ့နေရာတွေ ဖြစ်ပါစေပေါ့။ အဲ့ဒီဘက်က လူတွေ ဘေးကင်းကြပါစေ ပေါ့။ ဒါပေမယ့် ကျနော်ဆုတောင်း မပြည့်ဘူးဗျ။ ဒီတခေါက်ဖြစ်တာ တော်တော်ဆိုးတယ်ဗျာ။ ပြောမပြနိုင်တဲ့ ဆုံးရှုံးမှု ပေါ့နော်” ဟု ဖားကန့်ဒေသခံ ကိုဘရန်တောင် က အောက်တိုဘာ ၂၃ သွေးချောင်းစီးခဲ့ရတဲ့ ဗုံးကြဲမှု အကြောင်း သူ့အတွေ့အကြုံကို ပြောပါတယ်။

ကိုဘရန်တောင် ပြောပြတဲ့ဖြစ်စဉ်ဟာ အောက်တိုဘာလ ၂၃ ရက်နေ့ ညက ဖားကန့်ရှိ အနန့်ပါ ဒေသမှာ ပြုလုပ် တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO တည်ထောင်ခြင်း ၆၂ ပြည့် အခမ်အနား အကြို ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့ အတွက် ကချင်အနုပညာရှင်တွေ၊ ဒေသခံပြည်သူတွေ၊ KIO/KIA က အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ စုစု ပေါင်း လူဦးရေ အယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြသွားတာပါ။
ဖားကန့်ဒေသခံ မဂျာတောင်က “အဲ့ည ၈ နာရီခွဲလောက်က။ KIO အထိန်းအမှတ်နေ့လေ အဲ့နေ့လုပ်ဖို့အတွက် အစည်းအဝေး လုပ်တာတဲ့။ အဲ့ဒီက လူကြီးတွေရယ်၊ လောပန်းတွေလည်းပါတာပေါ့။ သူတို့ လူ ၁၀၀ ကျော် လောက်စုပြီးမှ အဲ့ဒီရဲ့ ဖြစ်တဲ့နေရာ အနန့်ပါလို့ ခေါ်တာလေ။ အဲ့မှာလုပ်တာ။ အဲ့မှာ လုပ်တာကိုမှ state show တွေ ဘာတွေလည်း ပါတာပေါ့။ အဲ့မှာ အောင်ရာလီတို့ တခြားအဆိုတော်တွေပါ ပါတယ်။ မိန်းကလေး အဆို တော်တွေလည်းပါတယ်ပေါ့နော်။ အဲ့မှာ လာကြဲသွားတာတဲ့” ဟု ပြောပါတယ်။
ဗုံးထိမှန် သေဆုံးသွားသူတွေထဲ အချို့သေဆုံးသူများမှာ ခန္ဓာကိုယ် တစ်စစီဖြစ်ပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတောင် အတည် မပြုနိုင်တဲ့ ရုပ်အလောင်းတွေလည်း များစွာရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သုံး လေးလုံးကျတော့ အဲ့မှာ လူတော်တော် သေသွားတယ်။ သွေးချောင်းတောင် စီးသွားတယ်လို့ ပြောတယ်။ အဲ့မှာ လုံခင်းက ကောင်မလေးတွေရော ဗန်းကိုင်ဖို့ သွားတာတောင်မှ အဲ့ဒါပါသွားတယ်။ ၁၈-၁၉ လောက်ပဲ ရှိ သေးတယ်။ အဲ့ဒီကောင်မလေးတွေက။ အဲ့မှာ သုံးလုံးတောင်မှ တခါတည်းချတာ အုံနေတဲ့နေရာ ဆိုတော့ သေတဲ့ လူတော်တော်များသွားတာတဲ့” ဟု မဂျာတောင်က ဆက်ပြောကပါတယ်။

ကချင်နာမည်ကြီးအဆိုတော် ကိုအောင်ရာလီ အပါအဝင် ကချင်အနုပညာသည်အချို့နဲ့ ဒေသခံပြည်သူများ၊ KIO/KIA တာဝန်ရှိသူများ စုစုပေါင်း အယောက် ၆၀ ကျော် သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေသုံးစင်းနဲ့ ဗုံး ၃ လုံးကြဲချခဲ့ရာက ၁ လုံးဟာ ဂီတပွဲပြုလုပ်နေတဲ့ ခန်းမတည့်တည့်ကို ထိမှန်ခဲ့တာကြောင့် အခုလို ထိမှန် သေဆုံးသူတွေ များပြားရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်
တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိပဲ အရပ်သား ပြည်သူတွေ ရှိနေတဲ့နေရာကို အခုလို လေယာဉ်နဲ့ ရည်ရွယ် ချက် ရှိရှိ ဗုံးကြဲခဲ့တဲ့အတွက် ဒီဖြစ်စဉ်က စစ်ရာဇဝတ်မှု မြောက်တယ်လို့ KIO/KIA အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဥပဒေအရေးကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုထားပါတယ်။
KIO ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး တာဝန်ခံလည်းဖြစ်သည့် ဗိုလ်မှူးကြီး နော်ဘူက “ဒီ လူမဆန် တဲ့ လုပ်ရပ်လို့ပဲ ပြောမှာပေါ့။ ကျနော်တို့ ပြည်သူလူထုနဲ့ အတူတူ စုဝေးနေတာလည်း သူတို့က သိရဲ့သားနဲ့ လုပ် တယ်ဆိုတော့ ဒါက စစ်ရာဇဝတ်မှု မြောက်တယ်လို့ပဲ ပြောဆိုလို့ပဲ ရမှာပေါ့” ဟု ပြောပါတယ်။
စစ်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုးမရှိ၊ ပြည်သူတွေရှိနေတဲ့ နေရာတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာ ဖြစ် တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“စစ်ပွဲဖြစ်နေတာလည်း မဟုတ်၊ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေလည်း မဟုတ်။ သူတို့ဒေသမှာ သူတို့ အခမ်း အနား တရပ်ကျင်းပနေတဲ့ အခါမှာ အဲ့ဒီမှာ တပ်ဖွဲ့ဝင်တွေလည်း ပါမယ်။ သာမန်အရပ်သူ အရပ်သားတွေ လည်း ပါမယ်။ ဒီလိုအခြေအနေမျိုးမှာ ဗုံးကြဲတယ်ဆိုတာ မလုပ်သင့် တဲ့ မလုပ်ကောင်းတဲ့ စစ်ရာဇဝတ်မှုတရပ်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတာ။ အဲ့လို လုပ်တဲ့ဟာ မကောင်းဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် စစ်ဖြစ်နေ တာပဲ အခွင့်အရေးရရင် ရသလို လုပ်မယ်ဆိုတဲ့ အယူအဆက အကြမ်းဖက်ဝါဒကို လိုလားတဲ့ အင်အားစုတွေရဲ့ အယူအဆပါပဲ။ အခွင့်သာလို့ရှိရင် ဘယ်သူဖြစ်ဖြစ် ဘယ်နား ဖြစ်ဖြစ် တိုက်ခိုက်တယ် သတ်ဖြတ်မယ် မလို လားတဲ့ အင်အားစုတွေရဲ့ အယူအဆပါပဲ။ ကျနော်တို့ ခြုံပြောရရင် စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။”

စစ်ရာဇဝတ်မှု (war crimes) ဆိုသည်မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ရောမ ဥပဒေအရ စစ်ပွဲအတွင်း တရားဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း သို့မဟုတ် လူမဆန်စွာပြုမူခြင်း၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပြုခြင်းမှာ တိုက်ရိုက်ပါဝင် ပတ် သက်ခြင်း မရှိသူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ ပါဝင်ပါတယ်။ ဂျနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်များနဲ့ နောက်ဆက်တွဲ သဘောတူညီချက်များမှာလည်း စစ်ပွဲအတွင်း မလုပ်ဆောင်ရမည့် အရာများကို ပြဌာန်း တားမြစ်ထားပါတယ်။
ဒါ့အပြင် စစ်ရေးအရ လိုအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အဆောက်အအုံများ၊ အိမ်များ ကို ဖျက်ဆီးမှု၊ ဆန့်ကျင်ခုခံမှုကင်းမဲ့နေတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာ၊ ပညာရေး ဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ အမြောက်နဲ့ပစ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမှု၊ တရား ဥပဒေမဲ့ ပြည်နှင်မှု သို့မဟုတ် တရားဥပဒေမဲ့ ထိန်းသိမ်းအချုပ်ချထားမှု စသည့် ကျူးလွန်မှုများလည်း ပါဝင်ပါတယ်။
“အနန့်ပါ ဆိုတာ KIA စခန်းမဟုတ်ပါ။ ခရီးသွားများ ခေတ္တနားကြသော စျေးဆိုင်တန်း စခန်းငယ်လေးသာ ဖြစ် ပါသည်။ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့်သူများကိုပင် ရန်ဖက် အဖြစ် မသတ်မှတ်ခဲ့ပါ။ ယခု အနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စကစမှ ရန်သူ သဖွယ် ပြုမူခဲ့ပြီ ဖြစ်သည်။ လူငယ်များကို အခွင့်ကြုံတိုင်း-ဘဝမှာ ပြုပြင်လို့ မရနိုင်မည့် အမှားများ အလုပ်မိဖို့ – ပြော လေ့ရှိပေမယ့် ဒီလိုအမှားများကို လုပ်သူတွေက လူကြီးတွေပဲ ဖြစ်နေပါတယ်” ဆိုပြီး ကချင်လွတ်လပ်ရေး ကောင်စီ KIC ၏ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သေဆုံးသူများ၏ အလောင်းများကို သယ်ယူခွင့်ပိတ်၊ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသခွင့်ပိတ်ပင်
အနန့်ပါ ဖြစ်စဉ်အတွင်း သေဆုံးသူတွေရဲ့ အလောင်းများကို သယ်ယူခွင့်၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို အချိန်မှီ ဆေးကုသခွင့်လည်း စစ်ကောင်စီက မပေးပဲ လမ်းတွေပိတ်ထားခဲ့တာကလည်း စစ်ရာဇဝတ်မှု မြောက်တာ ဖြစ် ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူ က “လူတွေလည်း သွားလာဖို့လည်း အကုန်လုံးကတော့ စစ်ကောင်စီဘက်ကနေ ပိတ်ထား တာ ကြားသိရပါတယ်။ ဂိတ်တွေဘာတွေမှာလည်း သူက စစ်ဆေးပြီးမှ တော်တော်လေး အခက်အခဲကြုံနေတဲ့ အချိန် ကာလ ဖြစ်ပါတယ်။ ကျနော်တို့ ရှိတဲ့ဆေးတွေနဲ့ ရတဲ့နည်းနဲ့ ဆေးကုပေးပါတယ်” ဟု ဆက် ပြောပါတယ်။
စစ်ကောင်စီရဲ့လေတပ်က တိုက်ခိုက်မှုအပြီး ဒဏ်ရာရသွားသူတွေကို လက်ခံဆေးကုပေးရင် တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အပြင် ဖားကန့်၊ မြစ်ကြီးနားဒေသတွေမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ မိုင်းထိလူနာတွေ ဆေး လာ ကု မကု လိုက်လံ စစ်ဆေးမှုများပင် ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။
“ကံစီးဂိတ်မှာ ဘယ်လိုမှ ညှိမရဘူး။ ထွက်ခွင့်မပေးဘူး။ အလောင်းတွေလည်း ပေးမသယ်ဘူး။ လူနာတင်ကား၊ ပရဟိတကားတွေနဲ့ သယ်ခွင့်မပြုဘူး။ ၂၄ ရက်နေ့မှာတော့ သာမာန်ကားနဲ့ အလောင်းနှစ်လောင်း မြစ်ကြီးနား ကို ရအောင် သယ်ထုတ်သွားနိုင်ခဲ့တယ်။ ကျန်တာတွေတော့ မရဘူး။ ဖားကန့်ဝင်တဲ့လမ်းတွေ အကုန်ပိတ်ထား တာ။ ဆေးတွေ သွားပို့မယ်ပြောတော့လည်း ခွင့်မပြုဘူး။ ၂၃ ရက်နေ့ကနေ ၂၅ လောက်အထိက သွေးထွက်လွန် ပြီး သေတဲ့လူနာ နေ့တိုင်းရှိတယ်” ဟု မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းဝင် တစ်ယောက်က ပြောပါတယ်။
ဒဏ်ရာရတဲ့ တစ်ဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ ၎င်း တို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ကိုယ်ခန္ဓာ သို့မဟုတ် ကျန်းမာရေးကို ပြင်းထန်စွာ သို့မဟုတ် ထိခိုက်စေအောင် ရည်ရွယ် လုပ်ဆောင်ခြင်းတို့သည်လည်း စစ်ရာဇဝတ်မှု မြောက်ပါတယ်။
အနန့်ပါ ဖြစ်စဉ်အတွင်း တဖက်တပ်သားများတင်မကပဲ အရပ်သားပြည်သူများကိုပါ အသက်အန္တရာယ် ထိခိုက် အောင် တိုက်ခိုက်ခဲ့တဲ့အပြင် ဆေးကုသမှုမရခဲ့သလို မိသားစုဝင်များအနေဖြင့် သေဆုံးသူများရဲ့ ရုပ်အလောင်း များကိုပင် လွတ်လပ်စွာ သယ်ယူ သင်္ဂြိုလ်ခွင့်ပင် မရခဲ့ပေ။ သေဆုံးသူတွေရဲ့ နာရေးကို လူသိရှင်ကြား ကျင်းပခွင့်ကိုပင် စစ်တပ်က လုပ်ခွင့်မပေးပဲ တားမြစ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အနန့်ပါ ဖြစ်စဉ်မှာ ရှိနေခဲ့တယ်လို့ သတင်းရရှိခဲ့တဲ့ သူတွေရဲ့ အိမ်တွေမှာတောင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ အထူး စောင့်ကြည့်ခြင်းနဲ့ အနုပညာသည် တချို့ရဲ့ မြစ်ကြီးနားမြို့က နေအိမ်တွေမှာလည်း မိသားစုဝင်များကို စစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အနန့်ပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန်ကြလဲ။
ဖားကန့်-အနန့်ပါ ဒေသ လေကြောင်းတိုက်ခံရတဲ့ ဖြစ်စဥ်က ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရေး ပူး ပေါင်း ဆောင်ရွက်ကြဖို့ တိုက်ပွဲခေါ်သံဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။
“နောက်ထပ်အပြစ်မဲ့ပြည်သူအသက်တွေဘယ်လောက်များများအတွက်ကျွန်ုပ်တို့ပူဆွေး၀မ်းနည်းကြဦးမလဲ။ နောက်ထပ် သူရဲကောင်းဘယ်လောက်များများ ပေးဆပ်ကြရဦးမလဲ။ မနေ့ည (အောက်တိုဘာ ၂၃ ရက်ည) ဖား ကန့်မှာ ဖြစ်ခဲ့တာဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်ပွဲခေါ်သံ ဖြစ် ပါတယ်။”
အနန့်ပါ ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ အနုပညာရှင်တွေနဲ့ KIO/KIA စစ်ဘက်၊ အရပ်ဘက်၀န်ထမ်းတွေ အတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာနှင့်အတူ AA စစ်ဦးစီးချုပ်က အောက်တိုဘာ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ကလည်း “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ” ဟု ၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းက တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားသည်များကို ခွန်အားယူ ပြီး တော်လှန်ရေး ခရီးဆက်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်/ကချင် လွတ်လပ်ရေးအဖွဲ့ (KIA/KIO) အဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲတွင် “ဤဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန် သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်” ဟု ပြောသည်။
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို ပြတ်သားစွာ လုပ်ဆောင်သင့်သည့် အချိန်ဟု ညီနောင်မဟာမိတ် အဖွဲ့ကလည်း အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ပြောဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ မီးစ တဖက် ရေမှုတ်တစ်ဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေပဲ အထူးသတိထား ရမည့်အချိန်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်ပြတ်သားသား တက်လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ULA/AA၊ MNDAA နှင့် TNLA တို့က ပေးပို့သည့် သ၀ဏ်လွှာထဲတွင်ထည့်သွင်း ရေးသားထားသည်။
MNDAA၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာထဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုသည် “စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း” လို့ သတ်မှတ်ပြောဆို ထားပါတယ်။

“ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ကလည်း အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်ခံရမှု နောက်ပိုင်း ပြောင်းလဲဖြစ်ပွားလာမည့် အခြေအနေ အရပ်ရပ်ကို အထူးဂရု ပြု စောင့်ကြည့်နေသည်ဟု က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည့် UWSP ၏ ထုတ်ပြန်ချက်ထဲမှာ “ကျွန်ုပ်တို့သည် ဤကဲ့သို့ ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီးဖြစ်စဉ်၏ နောက် ဆက်တွဲပြောင်းလဲ ဖြစ်ပွား လာမည့် အခြေအနေအရပ်ရပ်ကို အထူးဂရုပြုစောင့်ကြည့်နေပါသည်” ဟု ဆိုပါတယ်။
တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်ကို UWSP လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြန်မာဘာသာဖြင့် ပြန်ဆို ထားသည်။
UWSP/UWSA က အသက်ပေါင်းများစွာ သေကျေပျက်စီးစေတဲ့ လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေး၊ လူ့အဖွဲ့အစည်းနှင့် လူမျိုးစုအကြား ချစ်ကြည်ရေးအတွက် အတူလက်တွဲမှု ကောင်းစွာဖြစ်ထွန်း ပြီး မျိုးရိုးစဉ်ဆက် ရန်ငြိုးထားရှိမှု စသည့် ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်ရေး နှင့် လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား ပဋိပက္ခ ဖြစ်စဉ် တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေး စသည့် သဘောထားခံယူချက်များကို ထုတ်ပြန်ကြေငြာသည်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း “အနန့်ပါ တိုက်ခိုက်ခံရမှုမှာ စစ်လေယာဉ်သုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်တဲ့အတွက် မကဒတအနေနဲ့ ပြင်းထန်စွာ ရှုံ့ ချကြောင်းနဲ့ တိုင်းရင်းသား ပြည်သူများအားလုံး ခံစားနေရသည့် ဘေးဒုက္ခ အားလုံး၏ အခြေခံ ပြဿနာသည် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကြောင့်သာ ဖြစ်သဖြင့် ၎င်းပြဿနာကို တိုင်းရင်းသား ပြည်သူလူထု နှင့် အတူ ရပ်တည်ဖြေရှင်းသွားမည်” ဟု အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါတယ်။
အနန့်ပါ ဒေသအပါအဝင် အရပ်သားများအား ဗုံးကြဲမှု နိုင်ငံရေး နည်းအဖြေရှာရေး အလှမ်းဝေးစေတယ်လို့ PPST ပြော
စစ်ကောင်စီတပ်က ပြည်သူတွေရှိတဲ့ နေရာတွေထဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုအပေါ် အဟန်အတားဖြစ်စေတယ်လို့ PPST က ပြောပါတယ်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ပစ်ခတ်တိုက်ခိုက်မှုတွေ အားလုံးထဲက ကြီးမား ကျယ် ပြန့်ပြီးတော့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အပေါ်မှာ ဟိုစစ်ဘောင်က ကျယ်လို့ရှိရင် နိုင်ငံရေး ဆွေးနွေးတဲ့ ဘောင်က ဒါဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ဘူး။ ကျဉ်းလာတယ်။ ဒါက လက်တွေ့ အမှန် တရားပဲ ဖြစ်ပါတယ်” ဟု ပြောပါတယ်။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုအပိုင်းကိုပါ အဟန့်အတား ဖြစ်စေတယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆက် ပြောပါတယ်။
“အဲ့လိုမျိုး ပစ်ခတ်တိုက်ခိုက်မှုတွေ အများကြီး ဖြစ်ပေါ်နေတဲ့ကြားက ဒီလိုမျိုး လေကြောင်းနဲ့ အင်အားသုံး ပြီး တော့ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ကတော့ ဒါအတွေ့အကြုံအရလည်း မကြုံစဖူး ပြင်းထန်မှု ရှိလာတဲ့ အပေါ် မှာ ကျနော်တို့ အနေနဲ့ ကြိုးပမ်းနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့အတွက် ဒါဟာ အပြု သဘောဆောင်တာ မဟုတ်ဘူး။ ဒါဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ ပြန်စတဲ့ ကြိုးပမ်းမှုတွေ အပေါ်မှာ အနှောင့် အယှက်ဖြစ်စေတယ်။ နောက်ပြီးတော့လည်း အဟန့်အတား ဖြစ်စေတယ်ဆိုတဲ့ အနုတ် လက္ခဏာကို ဖော်ပြတာ ဖြစ်ပါတယ်ခင်ဗျာ။”

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းနဲ့ ကချင်ပြည်နယ် ဖားကန့် ခရိုင်အတွင်းက အနန့်ပါ ဒေသတို့ကို စစ်ကောင်စီက အင်အား အလွန်အကျွံသုံးပြီး လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့တဲ့ အတွက် လူအများအပြား သေဆုံးမှုဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်တွေကြောင့် လက်ရှိ ပြဿနာတွေကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းဖို့ အဟန့်အတား ဖြစ်စေတယ်လို့ အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ပြောပါတယ်။
ဖားကန့် ဗုံးကြဲမှု အရပ်သား ပြည်သူ ထိခိုက်မှု မရှိဘူးဟု စစ်တပ်က သတင်းမှားဖြန့်
အနန့်ပါ ဒေသကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာ စည်းမျဉ်းအတိုင်း ဆောင်ရွက် ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အနုပညာရှင်တွေနဲ့ ပြည်သူတွေ သေဆုံးတာ မရှိဘူး ဆိုတဲ့ သတင်းအမှား တစ်ခုကို စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ၊ စစ်တပ်ပိုင် မြဝတီ နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး တွေကနေ သတင်းထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေကလည်း မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ၊ စစ်တပ်ပိုင် မြဝတီ နဲ့ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွေရဲ့ ထုတ်ပြန်ချက်ကို Screen Shot ရိုက်ယူပြီး facebook အပါအဝင် လူမှုကွန်ရက်မှာ ထပ်ဆင့် ဖြန့်ဝေနေတာလည်း ရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသအတွင်း မကြာခဏ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက် ခိုက်မှုတွေနဲ့ လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ် အရပ်သား ပစ်မှတ်ခွဲခြားပဲ ပစ်ခတ်မှုများ ရှိခဲ့သော်လည်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်အတွက် သတင်းအချက်အလက် အတိအကျရယူဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဒီလို အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာပြီး သတင်းအချက်အလက် အတိအကျရယူဖို့ ခက်ခဲတာကို အခွင့်ကောင်းယူပြီး စစ်တပ်က သူကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့အတွက် သတင်းအမှားတွေကို ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ၊ သတင်းမှားတွေ ဘယ်လိုပဲ ဖြန့်ပါစေ၊ အမှန်ကဘာလဲဆိုတာကို မြေပြင်မှာ အနီးကပ်ရှိနေကြတဲ့ ကချင်မျိုးနွယ်စုတွေက သိကြပါတယ်။
အနန့်ပါ ဖြစ်စဉ်ကိုတော့ ခံစားခဲ့ရတဲ့ ကချင် လူမျိုးစုတွေ စိတ်ထဲမှာ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။
ယခုဆောင်းပါးအတွင် ဒေသခံများ၏ အမည်များကို လုံခြုံရေးအရ အမည်လွှဲများသာ ဖော်ပြထားသည်။