ဘုတ်ပြင်းတွင် ထိုင်းသို့ သွားမည့်သူများကို  ပစ်ခတ်ဖမ်းဆီး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

ဘုတ်ပြင်းမြို့နယ်အတွင်း ထိုင်းနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန်ကြိုးစားခဲ့သူများကို စစ်ကောင်စီ တပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ခဲ့ရာ ထိမှန်သေဆုံးသူများပင် ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း ထိုင်းနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် အတွက် ကြိုးစားခဲ့ သူများကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့် ထိခိုက် သေဆုံးသူများ ရှိခဲ့သည်ဟု ထောင်ကမတ်ကျေးရွာသားများက ပြောသည်။

အသက် ၄၅ နှစ် အရွယ် ရွာသားတစ်ဦးက ဖမ်းဆီးထားသူတွေ အထဲမှာ ဗမာစကား မပြောတတ်တဲ့ ရိုဟင်ဂျာ တွေ အများကြီးပါတယ်၊ စစ်တွေဘက်ကလို့ ပြောတယ်။ ဆီအုန်းခြံ အထဲကို ဘယ်လို ရောက်လာတာလဲတော့ မပြောတတ်ဘူးဟု ပြောသည်။

ပစ်ခတ်ဖမ်းဆီးခြင်း ခံရသူများအထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၆ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများနှင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်ဟု ဆိုသည်။

ပစ်ခတ်ခံရသူတစ်ဦးကမူ လည်ပင်းတွင် ထိထာသည့် ကျည်ဆံမှာ အပြင်ဘက်သို့ ပေါက်မထွက်ခဲ့သောကြောင့် အဆိုပါ ကျည်ကို ခွဲစိတ်ထုတ်ထားရသည်ဟု ထောင်ကမတ်ကျေးရွာသား တစ်ဦးက ပြောသည်။

ပစ်ခတ်ဖမ်းဆီးခြင်း ခံရသူများမှာ ရခိုင်ပြည်ဘက်မှ လာရောက်ခြင်းဖြစ်ပြီး ဘုတ်ပြင်းမှ တဆင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ သွားရန်အတွက် ဆီအုန်းခြံအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဘုတ်ပြင်းမြို့နယ် ထောင်ကမတ်ကျေးရွာ သင်္ချိုင်းအနီးရှိ တောင်ဒဂုံကုမ္ပဏီပိုင် ဆီအုန်းခြံထဲ၌ ပုန်းခိုနေသည့် အမျိုးသား၊ အမျိုးသမီး ၆၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် လူ ၅၀ ဦးကျော်ကိုမူ ဘုတ်ပြင်းမြို့နယ် အားကစားရုံအတွင်း ဖမ်းဆီးချုပ်နှောင်ထားသည် ဟု ရွာသားများက ဆိုသည်။

ယခင်က စစ်ကောင်စီတပ်အနေဖြင့် ဘုတ်ပြင်းမြို့နယ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်ရန်ကြိုးစားသူများကို ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးခြင်းမျိုး မရှိခဲ့ဖူးဘူးဟု ဆိုကြသည်။