မြဝတီတွင် စက်သုံးဆီဈေးထိုးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့တွင် စက်သုံးဆီများ ဈေးမြှင့် ရောင်းချနေပြီး လိုအပ် သလောက် ဝယ်ယူ၍ မရဟု မြို့နေပြည်သူများက ပြောသည်။

မြဝတီမြို့တွင် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၅၀ ကျော်ရှိသည့် အနက် ၃ ဆိုင်ခန့်သာ အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး လုံလောက်မှု မရှိသဖြင့် တဖက်နိုင်ငံရှိ မဲဆောက်မြို့သို့ သွားရောက်ဝယ်ယူနေရသည်ဟု ဆိုသည်။

မြဝတီမြို့ရှိ အသက် ၄၀ အရွယ် ယာဉ်မောင်း တစ်ဦးက ဟိုဖက်မှာက ပုံးတွေဘာတွေနဲ့ဆို ရောင်းမပေးဘူး။ ဒီမှာကလည်း ဘယ်ချိန်ဖွင့်လို့ဖွင့်မှန်း မသိကြဘူး။ ရပြီဆိုပြီး သွားတန်းစီရင် ကုန်ပြီလေ။ အရပ်ထဲရောင်းတဲ့ ပုလင်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ တစ်လီတာ မပြည့်ဘူး။ အခုတောင် ဆီဈေးတက်လို့ ကုန်ဈေးနှုန်း လိုက်တက်လာပြီ။ နောက်ဆို ပိုဆိုးမယ်ဟု ပြောသည်။

မြဝတီမြို့တွင် ယခင်က ၉၂ တစ်လီတာ ဈေးနှုန်း ၃,၅၀၀ ကျပ်သာ ပေးဝယ်ရသော်လည်း လက်ရှိ ကျပ်နှစ်သောင်း ဝန်းကျင်အထိ ရောင်းချနေပြီး တဖက်နိုင်ငံရှိ မဲဆောက်မြို့၌ ၉၁ တစ်လီတာ ၃၀ ဘတ်နှင့် ၉၅ တစ်လီတာ ၃၅ ဘတ်ဖြင့် အသီးသီး ပေါက်ဈေး ရှိကြသည်ဟု ဆိုသည်။

မြဝတီမြို့ရှိ ယာဉ်အများစုမှာ လိုင်စင်မဲ့များ ဖြစ်သဖြင့် ကမ်းကူးရန်အတွက် အခက်အခဲများစွာ ရှိသည်ဟု နေ့စဉ်သွားရောက်၍ စက်သုံးဆီဝယ်ယူနေရသူ တစ်ဦးက ပြောသည်။

လိုင်စင်မဲ့လည်း များတယ်။ နောက်ပြီးတော့ ကမ်းကူးတာကလည်း အစီးရေ သတ်မှတ်ထားတယ်။ တစ်ရက်ဆို တစ်ကြိမ်ပဲ ရတယ်။ တစ်စီး ဘတ် ၅၀၀ ဖိုးပဲ။ အခု လှမ်းကြည့်လိုက်ရင် ချစ်ကြည်ရေး တံတားကနေ ရွှေမင်းဝံ ဘုရားလောက်အထိ ရှိတယ်။ မရတော့ဘူးဆို အကုန်ပြန်လှည့်ပဲ။” 

တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား နှိမ်နှင်းရန်အတွက် မြဝတီ အပါအဝင် တာချီလိတ်၊ ရွှေကုက္ကို စသည့် နယ်စပ် မြို့ ၅ ခုအား တရုတ်အစိုးရ ဖိအားပေးမှုဖြင့် ထိုင်းအာဏာပိုင်များက စက်သုံးဆီနှင့် လျှပ်စစ်များ ဖြတ်တောက် ထားခြင်း ဖြစ်သည်။

မြဝတီနှင့် နီးစပ်သည့် ရွှေကုက္ကိုမြို့တွင်လည်း ၉၂ တစ်လီတာ ၂ သောင်းခွဲကျပ်နှုန်း အထိ ဈေးမြင့်တက်နေပြီး စက်သုံးဆီ သယ်လာသည့် ယာဉ်များအား စစ်ကောင်စီက ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် မြို့နေ ပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။