ဒရုန်း တိုက်ခိုက်မှုကြောင့် ဖယ်ခုံတွင် အရပ်သား ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှု ကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု နီးစပ်သည့် စစ်ဘေးရှောင် သတင်းအရင်းအမြစ် များက ပြောသည်။
ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ခြေကုတ်ယူထားသည့် ခမရ ၄၄၂ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ဧပြီလ ၂၆ ရက်နေ့ ပစ်ခတ်မှုအတွင်း ဝါရီကောခူကျေးရွာတွင် နေထိုင်သည့် သားအဖ ၂ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
နီးစပ်သည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ထိတာက မြို့ထဲမှာ ထိတာပါ။ ညနေ ၄ နာရီလောက် သား အဖ ၂ ယောက်လုံး မြို့တက် ပစ္စည်းသွားဝယ်ရင်း စစ်တပ်က ပစ်တာ။ ဒဏ်ရာတော်တော်ပြင်းတယ်။ မျက်နှာ တွေဆို ရစရာတောင် မရှိဘူး” ဟု ပြောသည်။
အလားတူ ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်၌လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့၊ ပွဲကုန်း ၁ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၇၀ ကျော်အရွယ် ဦးမောင်ရန်မှာလည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သေးသည်ဟု ဆိုသည်။
ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက “အဘိုးက သေပြီလို့တောင် ထင်နေတာ။ သတိလစ်နေတာ တော်တော် ကြာ တယ်။ ဆေးရုံကြီးမှာ ခွဲစိပ်ရမယ်လို့ ပြောတယ်။ ခြေ၊ လက်တွေလည်း ဖြတ်ရမယ့် အခြေအနေ ရှိတယ် အခန့် မသင့်ရင်ပေါ့” ဟု ပြောသည်။
မိုးဗြဲမြို့ကို တော်လှန်ရေး အင်အားစုများက ပြီးခဲ့သည့်နှစ်မှ စ၍ လက်ရှိချိန်အထိ ထိန်းချုပ်ထားဆဲ ဖြစ်ပြီး စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိ သည်။
အလားတူ ဧပြီလ ၂၆ ရက်နေ့တွင်လည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့တွင် စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်ကောင်စီသည် အပစ်ရပ်စဲရေး ကြေညာထားသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်နီဒေသများသို့ မကြာခဏ စစ်ကြောင်းထိုးခြင်း၊ နေ့စဉ်ရက်ဆက် လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။