ကုန်စည်များ ပိတ်ဆို့နေသည့်အတွက် ဖားကန့်တွင် ကုန်ဈေးနှုန်းများ ထိုးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၂၂ ရက်။
တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်၊ ဖားကန့်မြို့ကို ကုန်စည်အဝင် မရှိတော့သဖြင့် အခြေခံ စားသောက် ကုန်များ အဆမတန် စျေးမြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။
ကြက်သား ၁ ပိဿာ ကျပ်တစ်သိန်း၊ ငါးကြင်း ၁ ပိဿာ ကျပ်ရှစ်သောင်း၊ ကြက်ဥတစ်လုံး ကျပ် တစ်ထောင် စသဖြင့် စျေးနှုန်းများ မြင့်တက်သွားပြီး အချို့ကုန်စည်များမှာ လုံးဝပြတ်လပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဖားကန့်က ပစ္စည်းမရှိတော့ဘူး။ ဝယ်မရဘူး။ ကြက်သားလည်း ဝယ်မရဘူး ငါးလည်း ဝယ် မရဘူး။ အခြေခံ စားသောက်ကုန်တွေက ပြတ်သွားတာ အောက်ပိုင်းကလာတဲ့ ကုန်စိမ်းတွေလည်း ပြတ်ကုန်ပြီ။ ကွမ်းရွက်တွေလည်း ပြတ်ကုန်ပြီ ကွမ်းယာဆိုင်တွေလည်း ပိတ်ထားတယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃သိန်းကျော်ရှိသည့် ဖားကန့်မြို့တွင် မြို့တွင်းကြက်နှင့် ငါးမွေးမြူရေး လုပ်ငန်းများသည် လုံလောက်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းမှ လာသည့် အသား၊ ငါးနှင့် ကုန်စည်များကို အဓိက အားထားကြရခြင်း ဖြစ်သည်။
ဒေသခံများပြောပြသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းသည် ကြက်ဥတစ်လုံး ကျပ်တစ်ထောင်၊ ခရမ်းချဥ်သီး တစ်ပိဿာ ၂သောင်းကျပ်၊ အာလူးတစ်ပိဿာ ၈ထောင်ကျပ်၊ ဆန်(ငွေတိုး)တစ်အိတ် ၂သိန်းကျပ် ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁သောင်းခွဲကျပ်နှင့် ကြက်သွန်နီ တစ်ပိဿာ ၅ထောင်ကျပ် ရှိသည်ဟု သိရသည်။
ဖားကန့်မြို့နယ်ထဲတွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ထိ ကြက်သား ၁ ပိဿာ ကျပ် လေးသောင်း၊ ဝက်သား၊ အမဲသား ၁ ပိဿာ ကျပ် ခြောက်သောင်းဝန်းကျင်နှင့် ကြက်ဥတစ်လုံး ၅၀၀ကျပ်ရှိခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းများ ဝင်ရောက်လာချိန်မှ စ၍ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။
ဖားကန့်မြို့ကို ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရှမ်းနီ အမျိုးသား တပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကာမိုင်း – ဖားကန့် လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားလိုက်သည်။
ထို့နောက် ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖားကန့်မြို့ကို ဝင်ရောက်နိုင်သော အခြား လမ်းကြောင်း ဖြစ်သည့် အင်းတော်ကြီး – ဝှေခါ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားလာသည့် အတွက် အင်းတော်ကြီးဒေသတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့ထိ အဆိုပါလမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
အခြားဒေသခံ တစ်ဦးက “အဓိက ကုန်စည် စီးဆင်းရာလမ်းက ဖားကန့်မှာ နှစ်လမ်းပဲ ရှိတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အင်းတော်ကြီး -ဝှေခါလမ်းက KIA၊ KPDF တွေက ဖိခံနေရတာ။ ဒီလမ်းကြောကို တကယ်က ပိတ်ရ မှာ အစကတော့ တော်လှန် ရေး အင်အားစုတွေက ထိန်းနိုင်တယ်ဆိုပြီး ဖွင့်ထားတာ။ ကာမိုင်း – ဖားကန့် လမ်း ကတော့ စစ်ကောင်စီကို ပေးလိုက်ရပြီလေ။ သူတို့က တစ်ဖက်ကဖွင့် တစ်ဖက်ကမဖွင့် အဲ့လိုနဲ့လမ်းတွေက ပိတ်နေတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည်ရယူရေး အရှိန်အဟုန်မြင့် ကြိုးစားလာနေပြီး ကချင်ပြည်တွင် ဖားကန့်မြို့နှင့် ဝိုင်းမော်မြို့က နေရာများကို ပြန်လည်ရယူ ကြိုးစားလာနေခြင်း ဖြစ်သည်။
အထူးသဖြင့် စီးပွားရေး၊ စစ်ရေးအပြင် အဘက်ဘက်က အချက်အချာကျသည့် ဖားကန့်မြို့ကို ပြန်လည်ရရှိရေး အတွက် ကြိုးစားလာနေပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ကာကွယ်ရေး ပူးပေါင်းတပ်တို့ကလည်း ၎င်းတို့ သိမ်းပိုက်ထားသည့် ကျေးရွာနှင့် လမ်းပိုင်အချို့ကို လက်လွှတ်လာနေရသည်။
ဓါတ်ပုံ – U Zaw Moe (လုံးခင်းညစျေး)