မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖော်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်။

မန္တလေးမြို့လယ်တွင် စစ်ကော်မရှင်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် မြို့ပေါ် လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ကြောင်း မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောသည်။

ဒေါက်တာ တေဇာဆန်းသည် ယင်းလှုပ်ရှားမှုမြင်ကွင်း ဓာတ်ပုံများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ပြီး စစ်အုပ်စုအပေါ် မန္တလေးပြည်သူများ၏ နာကြည်းချက်မှာ ရင်နှင့်အပြည့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပျူလက်ပါးစေများ သောင်းကျန်းမှုနှင့် စစ်မှုထမ်း ခေါင်းစဉ်ဖြင့် ဖမ်းဆီးငွေညှစ်မှုများကို ကြုံတွေ့နေရသည့် မန္တလေးပြည်သူများသည် စစ်အုပ်စုက လုပ်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို ခါးသီးစွာ ဆန့်ကျင် ရွံမုန်းကြသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့တော်လှန်ရေးတွင် ပြည်သူသာ အဓိက ဖြစ်ကြောင်းနှင့် ပြည်သူလူထု ထောက်ခံ ပါဝင်နေသရွေ့ တော်လှန်ရေးသည် ရှေ့ရှုနေမည် ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ 

ထို့အပြင် ပြည်သူများ အားလုံး အနေဖြင့် အာဏာရူး စစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းလမ်း အစုံဖြင့် “တုံ့ပြန်” နေကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။