အိန္ဒိယ နယ်စပ် စစ်ရှောင်စခန်းတွင် ဝမ်းရောဂါကြောင့် ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
မြန်မာ – အိန္ဒိယ နယ်စပ် ပလက်ဝဒေသက စစ်ဘေးရှောင်များ နေထိုင်သည့် စစ်ရှောင်စခန်းများတွင် ဝမ်းရောဂါ ပြန့်ပွားမှုများ ဖြစ်နေပြီး ကလေးငယ်များ အပါအဝင် သေဆုံးသူ ၅ ဦးအထိရှိလာပြီ ဖြစ်သည်။
ချင်းပြည်၊ ပလက်ဝနှင့် ဆမီးမြို့နယ်တို့မှ စစ်ဘေးရှောင် ၅၀၀ ကျော် ခိုလှုံရာ အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ကာကီကျေးရွာ အပါအဝင် စခန်းသုံးခု တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝမ်းပျက် ဝမ်းလျှော ကူးစက်ရောဂါ ပြန့်ပွားနေခြင်း ဖြစ်သည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း စခန်း တာဝန်ရှိ သူများနှင့် ကူညီထောက်ပံ့ရေးအဖွဲ့တို့က ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ အတည်ပြုချက်အရ သေဆုံးသူများထဲ၌ အသက် ၁၄ နှစ်အရွယ် ကလေး အပါအဝင် အမျိုးသမီး၊ အမျိုးသားနှင့် သက်ကြီးရွယ်အိုများ ပါဝင်သည်။
စစ်ဘေးရှောင်များနှင့် ဒေသခံများ သေဆုံးမှုမှာ နိုဝင်ဘာ ၄ ရက်နေ့၊ ၉ ရက်နေ့၊ ၁၀ ရက်နေ့၊ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရောဂါလက္ခဏာများမှာ အန်ခြင်း၊ ဝမ်းလျှောခြင်း (အထက်လှန်အောက်လျှော) များ ပြင်းထန်စွာဖြစ်ပွားပြီး လက်နှင့်ခြေထောက်များ ပိန်လှီခြောက်ကပ် သွားသည်အထိ ဖြစ်နေကြောင်း ရောဂါကူးစက်ခံရသူများနှင့် နီးစပ်သူများက ဆိုသည်။
Paletwa IDPs and Humanitarian Supporting အဖွဲ့ တာဝန်ခံ ဆလိုင်းစိုးသန်း က “ဝမ်းရောဂါ စုစုပေါင်း ဆိုရင်တော့ ကမ့် (Camp) သုံးခုဖြစ်တယ်။ အဆိုးဝါးဆုံးနေရာကတော့ အဲ့ဒီ ကာကီစစ်ရှောင်စခန်း ဖြစ်တယ် ပေါ့နော်။ ဖြစ်တာကတော့ ၈ ရက်နေ့ကတည်းကနေ သူတို့ နည်းနည်းစီဖြစ်ကြတယ်။ ဒါပေမဲ့ ဆိုးဝါးတာက ၉ ရက်နေ့၊ ၁၀ ရက်နေ့၊ ၁၁ ရက်နေ့ပေါ့နော်။ အဲ့ဒီသုံးရက်က ပိုပြီးမှ ကူးစက်မှုတွေလည်း များလာပြီးမှ ပိုဆိုးတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။
ကာကီစခန်း၊ တွီဒင်းစခန်းနှင့် လောင်းပဆူးစခန်းတို့တွင် လက်ရှိ ရောဂါခံစားနေရသူ စုစုပေါင်း ၃၆ ဦးခန့် ရှိပြီး၊ ရောဂါဖြစ်ပွားရခြင်းမှာ သောက်သုံးရေ မသန့်ရှင်းမှု ကြောင့် ဖြစ်နိုင်သည်ဟု စခန်းတာဝန်ရှိသူများက ယူဆထား သည်။
လက်ရှိတွင် စစ်ရှောင်စခန်းများ၌ ဆေးဝါးလုံလောက်မှု မရှိခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်မှု မရှိခြင်း တို့ကြောင့် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကူးစက်သူ ဆက်လက်တိုးပွားနေသည်။
“လက်တလောရဲ့ ဖြစ်တဲ့ ဒီစိုးရိမ်စရာဖြစ်တဲ့ ဒီဆေးဝါးလုံလောက်မှု ရနိုင်ဖို့အတွက်တော့ ကျနော်တို့ လိုချင်တာ ပေါ့နော်။ ဘယ်အတိုင်းအတာ အထိ ရင်ဆိုင်ရဦးမှာ ဆိုတာတော့ ပြောလို့မရသေးဘူး။ အခုက ဒီ ထိန်းနိုင်တဲ့ အနေအထား မဟုတ်သေးဘူး။ ထပ်တိုးတွေလည်း ရှိတဲ့အခါကျတော့ ဒီကျန်းမာရေး စောင့်ရှောက်မှု အတွက် တော့ အရေးပေါ် လိုအပ်တယ်လို့တော့ ဒါ ပြောချင်ပါတယ်” ဟု ဆလိုင်းစိုးသန်းက ဆက်ပြောသည်။
ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ရောဂါဖြစ်ပွားသူများ ဆေးကုသမှုခံယူရန် အလွန်ခက်ခဲ နေပြီး၊ ရောဂါကူးစက်မှုကို ဟန့်တားနိုင်ရန်အတွက် ကျေးရွာလူငယ်အဖွဲ့က ကာကီကျေးရွာကို Lockdown ချထားကာ ကျန်းမာရေးဌာနမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့် မပြုထားကြောင်း ဆိုသည်။