တနင်္သာရီတိုင်းအတွင်း ထိုင်းနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။ 

တနင်္သာရီတိုင်း ထိုင်းနယ်စပ် မောတောင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် မြို့မဈေး မီးလောင်သွားသည့်အပြင် ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တနင်္သာရီတိုင်း၊ မောတောင်မြို့တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့မှာ မြေပြင်၌ တိုက်ပွဲများ ပြင်းထန်လာပြီးနောက် လေကြောင်းမှပါ ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်လာသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့မဈေး၊ နာရီစင်နှင့် မွန်ကျောင်းတို့ မီးလောင်ပျက်စီးကာ မြို့ခံ ၂၀၀၀ နီးပါး ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များက အတည်ပြု ပြောသည်။

စစ်ကော်မရှင်တပ်သည် မောတောင်မြို့ရှိ ၎င်းတို့ ထိန်းချုပ်ထားသော စခန်းများမှ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဒုတိယနေ့ (နိုဝင်ဘာလ ၁၂ ရက်နေ့) နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ် (Y – 12) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် မောတောင်မြို့ခံ အမျိုးသမီးတစ်ဦး က လေယာဉ်လာကြဲတာ နာရီဝက်လောက် ကြာတယ်။ နည်းနည်းနှောနှောမဟုတ်ဘူး။ လက်ရှိ ပုန်းရှောင်နေတဲ့ နေရာအထိ မြေကြီးတွေ တုန်နေတာပါပဲ။ မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေလည်းရှိတယ် ဟု ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အသံများကို ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်နယ်ခြားဂိတ်မှပင် ရှင်းလင်းစွာ မြင်တွေ့ကြားသိနေရကြောင်း စစ်ရှောင်များအား အကူအညီပေးနေသူများက ဆိုသည်။

တိုက်ပွဲများကြောင့် မောတောင်မြို့တစ်မြို့လုံးနီးပါးရှိ ဒေသခံ လူဦးရေ ၂၀၀၀ နီးပါးခန့်သည် ထိုင်း -မြန်မာ နယ်စပ်ရှိ ဆင်ခွန် (အလယ်ဂိတ်) စခန်းအနီး လမ်းမကြီးနံဘေးနှင့် ရော်ဘာတောများထဲသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ 

စစ်ဘေးရှောင်များထဲတွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များစွာ ပါဝင်ပြီး၊ အချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြသည်။

လက်ရှိ တိမ်းရှောင်နေသူများ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အပါအဝင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။

မောတောင်မြို့သည် ထိုင်းနိုင်ငံ၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် အရေးပါသော နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပြီး၊ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာလည်း ရပ်တန့်သွား ခဲ့သည်။ 

တနင်္သာရီတိုင်းသည် KNU တပ်မဟာ (၄) နယ်မြေဖြစ်ရာ တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကော်မရှင်၏ နယ်စပ်စခန်းအချို့ကို သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကော်မရှင်က လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူရန်နှင့် ပြည်သူကို အကြောက်တရားသွင်းရန် ရည်ရွယ်ကာ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် ခြင်း ဖြစ်သည်ဟု KNU က သတင်းမီဒီယာများကို ပြောဆိုထားသည်။