ကာကွယ်ရေး ဝန်ကြီးဟောင်း ၂ ဦးကို တရုတ် သေဒဏ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်။
တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်ကြသည့် ဝေဖုန်းဟေ (Wei Fenghe) နှင့် လီရှန်းဖူး (Li Shangfu) တို့ကို စစ်ခုံရုံးက အဂတိလိုက်စားမှုဖြင့် ယနေ့တွင် သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။
အဆိုပါ သေဒဏ်အမိန့်သည် (၂) နှစ် ဆိုင်းငံ့သေဒဏ် (Suspended Death Sentence) ဖြစ်ပြီး၊ ပြစ်ဒဏ်ကာလအတွင်း ကောင်းမွန်စွာ နေထိုင်ပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့ ပြောင်းလဲပေးမည်ဖြစ်သည်။
သို့ရာတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲသွားစေကာမူ ထောင်ဒဏ်လျှော့ပေါ့ခွင့် သို့မဟုတ် ခံဝန်ဖြင့် လွတ်မြောက်ခွင့် (Parole) လုံးဝရရှိမည်မဟုတ်ကြောင်း စစ်ခုံရုံး၏ အမိန့်တွင် ဖော်ပြထားသည်။
၎င်းတို့ နှစ်ဦးစလုံးသည် လာဘ်ပေးလာဘ်ယူမှုများတွင် အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။
ဝေဖုန်းဟေသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ပြီး၊ လီရှန်းဖူးက ၂၀၂၃ ခုနှစ် မတ်လတွင် ဆက်ခံခဲ့သော်လည်း (၇) လအကြာတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်အောက်တွင် ထိပ်တန်းစစ်ဘက်အရာရှိကြီးများ ဆက်တိုက် ဖယ်ရှားခံနေရမှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။