ယခုနှစ် အတွက် ပထမဆုံး တိုင်ဖုန်း မုန်တိုင်း တရုတ်ကို ဝင်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်စီးဒေသရဲ့ မြို့တော်ဖြစ်တဲ့ နန်နင်းမြို့မှာ တိုင်ဖုန်းမုန်တိုင်း မိုင်ဆက် (Maysak) ဖြတ်သန်းသွားပြီးတဲ့နောက် မြစ်တွေ၊ ရေလှောင်တမံတွေမှာ ရေတွေ အရမ်းလျှံလာလို့ ရေဘေးကာကွယ်ရေး တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်ရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက တနင်္လာနေ့ (ဒီကနေ့) မှာ ပြောပါတယ်။
လူဦးရေ ၉ သန်းနီးပါးရှိတဲ့ ဒီနန်နင်းမြို့မှာ မိုးကလည်း အဆက်မပြတ် ရွာနေတာကြောင့် အာဏာပိုင်တွေက ရေဘေး အရေးပေါ်တုံ့ပြန်မှု အဆင့်ကို အဆင့် (၃) ကနေ အမြင့်ဆုံးဖြစ်တဲ့ အဆင့် (၁) အထိ ချက်ချင်း တိုးမြှင့်လိုက်တာလို့ တရုတ်ဗဟိုရုပ်သံ (CCTV) က ဖော်ပြထားပါတယ်။
မြေပြင်အခြေအနေမှာတော့ နန်နင်းမြို့ထဲက အလတ်စား ရေလှောင်တမံတစ်ခုဟာ ရေဒဏ်မခံနိုင်ဘဲ ကျိုးပေါက်မှုတစ်ခု ဖြစ်သွားခဲ့လို့၊ အဲဒီဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းပေးနေရတယ်လို့လည်း ဆင်ဟွာသတင်းမှာ ပါရှိပါတယ်။
ဒီမုန်တိုင်း မိုင်ဆက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကို အရင်ဆုံး ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဒီနှစ်အတွက် တရုတ်ပြည်မကြီးကို ပထမဆုံးဝင်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။
အဲဒီနောက် တနင်္ဂနွေနေ့မှာတော့ ကွမ်ရှီးဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဗီယက်နမ်နိုင်ငံဘက်ကို ဝင်ရောက်သွားခဲ့တာပါ။
မိုးလေဝသပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မုန်းတိုင်း မိုင်ဆက်ဟာ ကုန်းတွင်းပိုင်းကို ဆက်ဝင်ရင်း အားပျော့သွားဖို့ ရှိပါတယ်။
ဒါပေမဲ့၊ မုန်တိုင်းအရှိန်နဲ့ ရာသီဥတု မိုးသက်လေမုန်တိုင်းတွေကြောင့် ကွမ်စီး၊ ကွေ့ကျိုးနဲ့ ဟူနန် စတဲ့ ဒေသတွေမှာတော့ မိုးကြီးတာတွေ ဆက်ပြီး ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။