ဖားကန့်မြေပြိုမှုများကြောင့် တစ်ပတ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
ကချင်ပြည်၊ ဖားကန့်တွင် တစ်ပတ်အတွင်း မြေစာပုံနှင့် လုပ်ကွက်များ ဆက်တိုက်ပြိုကျ၍ လူ ၁၀ ဦး ထက် မနည်း သေဆုံးပြီး ပျောက်ဆုံးသူများပြားသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများနှင့်အတူ ဇွန်လနောက်ဆုံးပတ်မှ ဇူလိုင်လဆန်း အထိ တစ်ပတ်တာကာလအတွင်း ကျောက်စိမ်းလုပ်ကွက်နှင့် စွန့်ပစ်မြေစာပုံများ ဆက်တိုက် ပြိုကျခဲ့သည်။
မြေပြိုမှုများတွင် ရေမဆေးသမားများနှင့် ကုမ္ပဏီဝန်ထမ်း ၁၃ ဦးထက်မနည်း သေဆုံးကာ အများအပြား ပျောက်ဆုံးနေသည်ဟု မြေပြင်ကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံများက ပြောသည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော် ကျေးရွာ အနီးရှိ KNDPC ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးမြေစာ ပြိုကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါမြေပြိုမှုကြောင့် ဘက်ဟိုးတစ်စီး မြေပိသွားခဲ့ပြီး ကျင်းပိုင်နှစ်ဦးနှင့် ကျောက်ရှာဖွေသူ အလုပ်သမား ၅ ဦး အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။
နမ့်မှော်ကျေးရွာမှ ဒေသခံတစ်ဦးက “မြေက အရှိန်နဲ့ ဝုန်းကနဲ ပြိုကျလာတော့ ဘက်ဟိုးကားကြီးတောင် လွင့်သွားတာလို့ ပြောတယ်။ စက်မောင်းတဲ့သူနဲ့ အပေါ်က ကြီးကြပ်တဲ့သူနှစ်ယောက်ပဲ လွတ်အောင်ပြေးနိုင် ပြီး ကျန်တဲ့ကျင်းသမားတွေကတော့ မြေအောက်ထဲ တစ်ခါတည်း ပိသွားတာ။ ဘာမှတောင် သတိထားမိချိန် မရလိုက်ကြဘူးတဲ့” ဟု ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ညသန်းခေါင်ယံအချိန်ကလည်း နမ့်မှော်ကျေးရွာရှိ ဒေသအခေါ် ‘အဟောင်း ကြော’ စွန့်ပစ်မြေစာပုံဟောင်းတွင် မိုးရွာသွန်းမှုကြောင့် မြေစာပုံထပ်မံပြိုကျခဲ့ရာ ညဘက် ကျောက်တက်ရှာဖွေ နေသည့် ရေမဆေးသမား ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။
အဆိုပါဖြစ်စဉ်များတွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းနှင့် မြေစာပုံများ ထပ်မံပြိုကျနိုင်သည့် အန္တရာယ်များ ကြောင့် လက်ရှိတွင် ရှာဖွေရေးလုပ်ငန်းများကို လုံးဝရပ်နားလိုက်ပြီ ဖြစ်သည်။
“မိုးကလည်း မပြတ်ရွာ၊ မြေစာတွေကလည်း ထပ်ပြို နေတော့ လူအင်အားနဲ့ ရှာလို့မရလို့ ဘက်ဟိုးတွေနဲ့ပါ မနည်းတူးနေရတယ်။ မြေစာထဲ ပါသွားပြီလို့ ထင်ရတဲ့ မိသားစုဝင်တွေလည်း လုပ်ကွက်ဘေးမှာ လာငိုပြီး စောင့်နေကြတာ မျက်မမြင်ရက်စရာပဲ။” ဟု ကယ်ဆယ်ရေးတွင် ကူညီနေသူ နမ့်မှော်ဒေသခံတစ်ဦးက ပြောသည်။ “ပျောက်ဆုံးစာရင်း က ဒီထက်မက အများကြီးရှိနိုင်လို့ မိုးတွင်းဘက် ဖားကန့်မှာ ကျောက်ရှာရတာ တကယ်ကို အသက်နဲ့ရင်းနေရ တာပါ” ဟု ၎င်းက ဆက်ပြောသည်။
ဖားကန့်ဒေသတွင် လက်နက်ကိုင် ပဋိပက္ခများအပြင် ဇွန်လပထမပတ်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် နှစ်စဉ်မိုးရာသီ ရောက်တိုင်း ကြုံတွေ့ရလေ့ရှိသည့် ကျောက်စိမ်းမြေစာပုံပြိုကျမှု အန္တရာယ်မှာမူ ပိုမိုဆိုးရွားလာနေသည်။
ဇွန်လ ၁၄ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ရေမဆေး သမားတစ်ဦး သေဆုံးခဲ့သေးသည်။
မိုးလေဝသခန့်မှန်းချက်များအရ ဖားကန့်ဒေသတွင် မိုး ဆက်လက်သည်းထန်နိုင်သဖြင့် ဒေသခံများနှင့် ရေမဆေး သမားများအနေဖြင့် မြေစာပုံဟောင်းများနှင့် ကမ်းပါးနားများတွင် ကျောက်စိမ်းရှာဖွေခြင်းကို အထူးသတိပြု ရှောင်ရှားကြရန် လူမှုကူညီရေးအသင်းများက နှိုးဆော်ထားသည်။