လောင်းလုံးတွင် ပျူစောထီး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် တစ်ဦးပစ်သတ်ခံလိုက်ရသည်။
လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့ပေါ်ရှိ (ဂ) ရပ်ကွက်၊ ညောင်ပင်လမ်းဆုံအနီးတွင် ပျူစောထီးအဖွဲ့ဝင် ကိုမင်း ဝါ ဆိုသူ ကြာသပတေးနေ့ နံနက် ၇ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ပြီး နေရာတွင်ပင် သေဆုံးသွား သည် ဟု မြို့ခံများက ပြောသည်။
ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး သေနတ်နဲ့ ဆက်တိုက်ပစ်တာ။ သူ့ကို ကျည်ထိပေမယ့် သွေးရူး သွေးတန်း ထပြေးသေးတယ်။ နောက်မှ လဲကျပြီး သေသွား တာ” ဟု ပြောသည်။
ပစ်ခတ်ခံရသူ ကိုမင်းဝါသည် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ကိုမင်းသိန်း၏ တူအရင်း ဖြစ်ပြီး ထော်လာဂျီ မောင်း နှင်လာစဉ် လူ ၅ ဦးက တားဆီး ရပ်တန့်ခိုင်းပြီး သေနတ်ဖြင့် ၅ ချက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ကိုမင်းဝါသည် လက်နက် ကိုင်ဆောင်ထားတတ်သည့် ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကားများကိုလည်း မောင်းနှင် ပို့ဆောင်ပေးလေ့ ရှိကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်များတွင် ပါဝင်သူများကို ဖမ်းဆီးရာတွင်လည်း လမ်းပြအဖြစ် ပါဝင်ပြီး ဖမ်းဆီးသူများနှင့်အတူ သွားလာနေသူတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ကိုမင်းဝါ၏ အလောင်းကို အရေးပေါ် လူနာတင်ကားဖြင့် ထားဝယ်မြို့ ဘက် ကို တင်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရသည့် နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် ရောက်ရှိလာကာ အနီးဝန်းကျင်တွင် နေထိုင်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် လမ်းသွားလမ်းလာများအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သွားသည်ဟု (ဂ) ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ကိုမင်းဝါ အား ပစ်ခတ်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့် ထားဝယ် (ပကဖ) DDT
တပ်ခွဲ (၃)တို့က ပူးပေါင်းပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု LLPDFတပ်ဖွဲ့က ထိုနေ့ ညနေပိုင်းမှာပင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုသည် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များနှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ဒေသခံ ပြည်သူများနှင့် လုံးဝ သက်မှုမရှိပါကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။