တနင်္သာရီတွင် စစ်ကောင်စီက ကြည်းတပ်၊ ရေတပ် ပူးပေါင်းတိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ကြည်းတပ်အပြင် ရေတပ် သင်္ဘောပေါ်မှပါ လက်နက်ကြီးများဖြင့် ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။
ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့၏ နေရာကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၁၉ ရက်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “လက်နက်ကြီးရော လက်နက်ငယ်ပါ နှစ်ဘက်အပြန်အလှန်ပစ်နေကြတာ။ ရွာသားတွေက ကြောက်ပြီး နီးစပ်ရာကို ထွက်ပြေးပြီးရှောင်နေကြရတာ။ ဒီနေ့မနက်ပိုင်းအထိ ရွာထဲပြန်မဝင်ရဲသေးဘူး” ဟု ပြောသည်။
တိုက်ပွဲ စတင်ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ရေတပ်စစ်သင်္ဘော တစ်စီး ရောက်ရှိလာပြီး ကျောက်နီမော် ကျေးရွာ တဝိုက်ကို သင်္ဘောပေါ်မှ ၆၀ မမ၊ ၈၁ မမလက်နက်ကြီးများဖြင့် အချက်ရေ တစ်ဆယ်ကျော် ပစ်ခတ်ခဲ့သည်။
သို့သော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှု မရှိ ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်နက်ကြီးပစ်ကူပေးခဲ့သည့် စစ်သင်္ဘောမှာ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်နှင့် ထားဝယ် မြစ်ဝ တဝိုက်တွင် အမြဲတမ်း အသင့် အနေအထား ပြင်ဆင်ထားသည့် သင်္ဘောတစ်စီးဖြစ်သည်ဟု ရွာသားများက ဆိုသည်။
နှစ်ဖက်တိုက်ပွဲမှာ နှစ်နာရီခန့်ကြာပြီးနောက် ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ငြိမ်သက်သွားကြောင်း ရွာသားများ က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများထိ ခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးပေ။
တိုက်ပွဲပြင်းထန်ခဲ့သည့် ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် နေရာမှာ ၅ နေရာ ခန့်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မကြာခဏ သွားရောက် တိုက်ခိုက်လေ့ ရှိသည်ဟု ရွာသားများက ပြောသည်။
ဧပြီလ ၉ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က စနိုက်ပါနှင့် သွားရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ပျူစောထီး တစ်ဦးဒ ဏ်ရာရရှိခဲ့သေးသည်။