သရက်ချောင်းတွင် နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်။
သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီလေတပ်မှ နှစ်ရက်စလုံး၌ လေကြောင်းမှ ဗုံးကြဲ၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။
မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ပဲဒက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် ကျောက်ဆည် ကျေးရွာမှ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
မေလ ၅ ရက်နေ့၊ နံနက် ၆ နာရီခန့်မှ ညနေ ၆ နာရီအချိန်ထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ပဲဒက်ကျေးရွာမှ စစ်ကောင်စီ စခန်း အနီးတွင် မေလ ၆ ရက်နေ့၊ နံနက်ပိုင်းအချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဘက်မှ ပဲဒက်ရွာတဝိုက်ကို K8W တိုက်လေယာဥ်ဖြင့်နှစ်ကြိမ်၊ Mi-2 ရဟတ်ယာဥ်နဲ့ နှစ်ကြိမ် ဗုံးသီး အလုံးရေ ၁၀၀ နီးပါးကြဲချခဲ့ကြောင်း KNLA နှင့် PDF ပူးပေါင်းထားသည့် ဖယ်ဒရယ်စစ်ကြောင်း ဒုတပ်ရင်းမှူး က ဆိုသည်။
ဖယ်ဒရယ်စစ်ကြောင်း ဒုတပ်ရင်းမှူး က “တိုက်ပွဲက ညနေပိုင်းမှာ ပြန်ငြိမ်သွားပြီး ဒီနေ့ မနက်ပြန်ဖြစ်တာ၊ ပဲဒက် စခန်းတဝိုက်ကို စစ်ကောင်စီလေတပ်က ၃ ကြိမ် ဗုံးလာကြဲသွားတယ်။ အရပ်သား ထိခိုက်မှုတော့ မကြားရသေး ဘူး” ဟု ပြောသည်။
ပဲဒက်ကျေးရွာအနီးရှိ ကျောက်ဆည်ကျေးရွာ ပျူစောထီးစခန်းကို မေလ ၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်အချို့ကို သိမ်းဆည်းရမိထားသည်။
နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကာင်စီတပ်နှင့် ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှု အများအပြား ရှိနေ ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်တွင်လည်း ထိခိုက်ကျဆုံးသူ အချို့ရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
တိုက်ပွဲများကြောင့် ပဲဒက်၊ ကျောက်ဆည်၊ ပိတောက်ကြီးနှင့် တံခွန်တိုင် စသည့် ကျေးရွာများမှ ရွာသားများ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် ပဲဒက်ကျေးရွာတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြိတ် – ထားဝယ် အတက်အဆင်း သွားလာနေသည့် ခရီးသည်ယာဥ် အများအပြားလည်း နှစ်ရက်ကြာ လမ်းပေါ်မှာ ပိတ်မိနေကြောင်း ရွာသားများ က ပြောသည်။
ကျောက်ဆည်ကျေးရွာမှ ပျူစောထီး စခန်းကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က KNLA နှင့် PDF ပူးပေါင်းထား
သည့် ဖယ်ဒရယ်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး လက်ရှိ တိုက်ခိုက်သိမ်းပိုက်ခံရသည့် စခန်းမှာ အသစ် ပြန်လည်တပ်စွဲထားသည့် စခန်းဖြစ်သည်။
ယခုနှစ်အတွင်း ပဲဒက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်ခဲ့ပြီး ဝင်ရောက် စီးနင်းပစ်ခတ်ခြင်းများကိုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်း က လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဧပြီလကုန်ပိုင်းကလည်း တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ခုနစ်ရက်ခန့် ဆက်တိုက် တိုက်ခိုက်ခဲ့သေးသည်။