ပုံစံခန်း နံပါတ် (၄)

(သို့မဟုတ်)

၁၁.၁၁ စစ်ဆင်ရေးနှင့် လွိုင်ကော် ထောင်တွင်းက ငရဲခန်း

ပီတာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။

MMTI အဆင့်မြင့် သတင်းစာ သင်တန်းတွင် ရေးသားသည်။ 

အကျဉ်းထောင်အနီး မလှမ်းမကမ်းမှ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများ ကြားခဲ့ရပြီး နောက် မော်တာကျည်များ၊ ၆၀ မမ ကျည်များအပြင် လက်နက်ကြီးကျည်များသည် ထားဖိုးတို့ နေထိုင်ရာ ပုံစံ ခန်းနှင့် အဆောင်များကြားသို့ တဝုန်းဝုန်း တဒုန်းဒုန်း ကျရောက်ပေါက်ကွဲခဲ့သည်။ 

“မျှော်လင့်ချက်ကတော့ ဂိတ်ဆုံးပဲ တော်လှန်ရေးဘက်က နိုင်ရင် ကျနော်တို့ လွှတ်သွားနိုင်တယ်။” 

လွိုင်ကော်အကျဥ်းထောင် အတွင်းရှိစဉ် ကရင်နီ တော်လှန်ရေးတပ်များမှ ပထမဆုံးအကြိမ် ဝင်ရောက် တိုက် ခိုက်မှုအတွင်း စဉ်းစားမိသည်ကို ထားဖိုးက ပြန်လည် ပြောပြသည်။ 

အချိန်က ၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ အတွင်း ဖြစ်သည်။ ရက်စွဲ အတိအကျကိုမူ မမှတ်မိပေ။

ငရဲခန်း ၉ ရက်

နိုင်ငံရေးအကျဉ်းသား အများစုသည် ခရီးသွားရင်း ဓာတ်ပုံများကြောင့်သော် လည်းကောင်း၊ ဖုန်းအတွင်းရှိ message ကြောင့် သော်လည်းကောင်း၊ ထောက်ပို့သွားရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုးမိသောအခါတွင် လည်းကောင်း စစ်ဆေးမိပြီး ထောင်ထဲရောက်သွား သူများစွာလည်း ရှိနေသည်။ ထိုထဲ၌ ထားဖိုး လည်း အပါအဝင် ဖြစ်သည်။

ထားဖိုးသည် ၂၀၂၁ ခုနှစ်အတွင်း တော်လှန်ရေး ရဲဘော်များအတွက် လက်နက်များ သွားရောက် သယ်ယူရန် လွိုင်ကော်မြို့အထွက် ဒီးမော့ဆိုသို့ သွားရာလမ်း၌ ပုဒ်မ ၁၇-၁ မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီ လက်အောက်ခံ တပ်မ ၆၆ မှ တပ်သားများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

စစ်အာဏာမသိမ်းမှီက ထားဖိုးသည် ကျောင်းဆရာတစ်ဦး ဖြစ်သည်။

သူဖမ်းဆီးခံရသည့် နေ့တွင်ပင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လွိုင်ကော်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ (ဒကစ) လွိုင်ကော်သည် ကရင်နီပြည် တစ်ပြည်လုံးကို အမိန့်ပေးစေခိုင်းသော စစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ 

အထူးသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်သူများကို ထိုနေရာသို့ ဖမ်းဆီးခေါ်ဆောင်ပြီး  ရက်ရက် စက်စက် စစ်ဆေးမေးမြန်းသော စစ်ကြောရေးနေရာ တစ်ခုအဖြစ် ထင်ရှားသည်။ 

အဖမ်းခံရသောနေ့တွင်ပင် ခြေနှစ်ဖက် ကြိုးတုတ်ခံထားရသည့်အပြင် လက်ကိုပါ နောက်ပြန်ကြိုးတုတ်၊ မျက်လုံးကို အဝတ်ဖြင့် ပိတ်ချည်ထားကာ ခေါင်းကွဲသည်အထိ နှိပ်စက်ခံခဲ့ရသည်ဟု ထားဖိုးက ပြောသည်။ 

ထို့နောက် နှစ်ရက်ခန့်အကြာ ထမင်းအငတ် ထားပြန်သည်။ အစားသောက်ပြတ်ပြီး အားနည်းလာသော အချိန်မှ ထားဖိုးတို့ ထောင်တွင်းရှိ တာဝန်ကျသူများက ထပ်မံ ရိုက်နှက် ထိုးကြိတ်ကြပြန်သည်။

နာကျင်မှု ဝေဒနာများကို ထားဖိုး တစ်ယောက် အလူးအလဲ ခံစားခဲ့ရပြီး လူ့ပြည်၏ ငရဲသို့ ရောက်သွားသကဲ့သို့ သူခံစားခဲ့ရသည်။ 

စစ်ကောင်စီ လက်ပါးစေတို့က ထားဖိုးအား ကြိုက်သလို ရိုက်နှက်ကြသည်။ ခါးပတ်နှင့် ရိုက်သည်။ ညချိန် တာဝန် ချိန်းသောအချိန် တွင်လည်း တာ၀န်ကျသူနောက်တစ်ဦးမှ လာပြီး စိတ်ကြေနပ်သည်အထိ ရိုက်သည်။ ပုံစံထိုင်ခိုင်းသည်။ 

ရိုက်နှက်ပြီးနောက် ပြန်ထွက်သွားပြီ အထင်ဖြင့် ထားဖိုး တစ်ယောက် လွန်စွာပင်ပန်းနာကျင်နေချိန် တခဏ အိပ် မည်ဟု လုပ်နေချိန် မျက်လုံးမှိတ်ချိန်ပင် မရလိုက်ဘဲ နောက်တစ်ယောက်က ထပ်မံ ရောက်လာပြီး ထပ်မံ ရိုက် နှက် နှိပ်စက်ပြန်သည်။

ချုပ်ထားသော အခန်းကျဉ်းကျဉ်းထဲ၌ အလွန်အေးသည်၊ စောင်ထူ အနွေးထည်များဆို မထည့်ပေး၊ ထို့အပြင် သေနတ်မောင်းဆွဲပြီး ချိန်ရွယ်ခြောက်လန့်မှုများလည်း မကြာခဏ ခံခဲ့ရသည်။ 

လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်လည်း ထားဖိုး ကြုံခဲ့ရသေးသည်။

ထားဖိုးက“ပြောရရင် အဲ့ဒီအချိန်မှာ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို အကုန်ရင်းထားရတဲ့ အချိန်ပေါ့။ အိမ်သာ တက်ရင်လည်း တံခါးအပွင့်လိုက် သွားရတယ်။ ရှင်းရှင်းပြောရင် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ မထိသင့် မထိ အပ်တဲ့ နေရာတွေကို ထိတဲ့ဟာမျိုး ဆိုရင် ဒါတော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ အဲဒီ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် အဲ့ဒီ ကိုးရက်တာက တစ်ကယ့်ကို တစ္ဆေအိမ်မက် အတိုင်းပဲပေါ့ နော်” ဟု ပြောသည်။

ကိုးရက်မြောက်သောနေ့တွင် ထိုနေရာမှ လွတ်မြောက်ပြီး လွိုင်ကော်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ရဲစခန်းသို့ ရောက်သောအချိန်တွင်လည်း ပုံစံထိုင်သင်ပေးသည်ကို ကောင်းမွန်စွာ မလုပ်တတ်သောကြောင့် ရိုက်နှက် နှိပ်စက်ခြင်းများ ထပ်မံခံခဲ့ရသေးသည်။

လွိုင်ကော် အကျဉ်းထောင်နှင့် တိုက်ပိတ်ခံ နိုင်ကျဉ်း

ထို့နောက် ရဲစခန်းမှ တစ်ဆင့် လွိုင်ကော်အကျဉ်းထောင်သို့ ထားဖိုး တစ်ယောက် ပို့ဆောင်ခံရသည်။ စစ်ကြောရေးတွင် ရှိစဉ်က နှိပ်စက် ညှင်းပမ်းခံရသည်ဖြစ်စေ စကားပြောစရာ လူရှိသေးသည်။ 

အကျဉ်းထောင်သို့ ရောက်သော အခါတွင် ထိုအခွင့်အရေး ဆုံးရှုံးသွားသည်။ ပြင်ပနှင့် အဆက်အသွယ် ဖြတ်ကာ အခန်းနံပါတ် ၃ တွင် တိုက်ပိတ်ခြင်း ခံခဲ့ ရသည်။

တိုက်ပိတ်ခြင်း ခံခဲ့ရသော ကာလအတွင်း စကားပြော ဖော်မရှိ ရင်ဖွင့်ဖော်မရှိသည့်အပြင် ကျန်းမာရေးနှင့် ပတ် သက်၍ တစ်ကိုယ်လုံး ယားယံသည့် ဝေဒနာကို ခံစားခဲ့ရသည်။ 

နှစ်လအတွင်း မျက်နှာကျက်တွင် လင်းထိန်နေသော မီးသီးကို နေ့တိုင်း ကြည့်ပြီး ဖြတ်သန်းခဲ့ရသော အချိန်သည် ထားဖိုး အတွက် ယခုချိန် ပြန်တွေးကြည့်လျှင် ဟာသတစ်ခုဖြစ်နေသော်လည်း အတော်ခက်ခဲခဲ့ရသည်။ 

“စိတ်ပိုင်းဆိုင်ရာ အားငယ်မှုကြောင့် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့ ကာလတွေလည်း ရှိခဲ့ဖူးတယ်။ စကား ပြောဖော်လည်း မရှိဘူး၊ ရင်ဖွင့်လို့လည်း မရဘူး၊ လူက နည်းနည်းကြောင်ချင်တဲ့ အချိန်မျိုး ရောက်ခဲ့ဖူးတယ်” ဟု အသံထွက်ရယ်ကာ ပြောသည်။

အခက်ခဲပေါင်းစုံကြားက စိတ်မခိုင်သူများ ရှင်သန်ဖို့ ခက်ခဲသည့်နေရာ  

လွိုင်ကော်ထောင်သည် ကရင်နီ (ကယား) ပြည်ရှိ တစ်ခုတည်းသော အကျဉ်းထောင် ဖြစ်ပြီး ဒေါဥခူရပ်ကွက် တွင် တည်ရှိကာ အကျယ်အဝန်းအားဖြင့် ၅ ဧကခန့် ရှိသည်။ ထောင်မျက်နှာစာသည် နေထွက်ရာ အရှေ့ဘက် တွင်ရှိပြီး အနောက်ဘက်ခြမ်းသည် လယ်ကွင်းများနှင့် နီးသည်။

အကျဉ်းသူ၊ အကျဉ်းသားများ နေထိုင်သော အဆောင်၊ ဂိုဒေါင်၊ စားဖိုဆောင် အပါအဝင် နှစ်ထပ်ဆောင် ငါးဆောင်နှင့် အခြားသော အဆောင်များ စိုက်ခင်းများပါ အကျဉ်းထောင်အတွင်း ထည့်သွင်းပါရှိသည်။ 

ထားဖိုး တို့ နေထိုင်သော အခန်းသည် အကျဉ်းထောင် ဝင်ပေါက်ဘက်နှင့် နီးပြီး ကွန်ကရစ် အမိုးအကာဖြင့် တည်ဆောက်ထားသော တစ်ထပ်ဆောင်ဖြစ်သည်။ 

အခန်း ၆ ခန်းရှိပြီး တစ်ခန်းလျှင် ပေ ၃၀ ပတ်လည် ကျယ်ဝန်းသည်။ အသစ်ရောက်ရှိလာသော အကျဉ်းသားများ အား ထားရှိသောနေရာ ဖြစ်ပြီး အကျဉ်းသားများ မည်သို့နေထိုင်ရမည်ကို သင်ပြသော အခန်းဖြစ်သည်။ တစ်နည်းအားဖြင့် ပုံစံခန်းဟု ခေါ်ရမည်။

ပုံစံခန်းတွင် အကျဉ်းသား အယောက် ၄၀ ခန့် နေထိုင်ကြရသည်။ တိုက်ပိတ်ခံရပြီးနောက် ထားဖိုးသည် ပုံစံခန်းမှ စာရေးဖြစ်ခဲ့ပြီး အသစ်ရောက်ရှိလာသော အကျဉ်းသားများ၏ အခြေအနေကို အခြားသူများထက် ပို၍ သိသူ ဖြစ်သည်။

ပုံမှန် အခြေအနေတွင် နံနက် ငါးနာရီခွဲထ၊ တန်းထိုင်၊ တန်းဖွင့်၊ ထမင်းစားရန် အပြင်ထွက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခွင့် ပေးထားသော်လည်း တိုက်ပွဲ စတင်ဖြစ်ပွားသော အချိန်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

တိုက်ပွဲကြားက အကျဉ်းသားတို့၏ ဘဝ

လွိုင်ကော် အကျဥ်းထောင်အား ကရင်နီတော်လှန်ရေးတပ်များမှ ပထမဆုံးအကြိမ် အဖြစ် ၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ မှ စတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ စတင်ဖြစ်ပွားချိန်တွင် ထားဖိုးနှင့် အခြားသော အကျဉ်းသားများအားလုံး အခန်းအတွင်း ပိတ်လှောင်ထား ခြင်း ခံခဲ့ရသည်။

“အဲ့ဒီကာလထဲ ရောက်သွားတဲ့ အချိန်မှာ ကျနော်တို့ရှေ့မှာပဲ မော်တာကျတာတွေ ရှိတယ်။ ကျနော်တို့ကလည်း အဆောင်တွေထဲမှာ ပိတ်ခံရတဲ့ အခြေအနေတွေ ရှိတယ်ဆိုတော့ အားလုံးက ကိုယ့်ကိုကိုယ် သေပြီလို့ပဲ သတ်မှတ်ထားကြတာ။”

မြို့အနှံ့တွင် တိုက်ပွဲအရင်ဦးဆုံး ဖြစ်ပြီးနောက်မှ အကျဉ်းထောင်အနီးသို့ တိုက်ပွဲများရောက်လာသည်။ 

ထိုအချိန် စစ်ကောင်စီတပ်က လွိုင်ကော် အကျဉ်းထောင်အား လုံခြုံရေးစည်း နှစ်ထပ်ဖြင့် ခုခံစစ် ပြင်ထားသည်။

အကျဉ်းထောင်ပြင်ပ ပတ်ပတ်လည်တွင် ရှိသော ဝန်ထမ်းအိမ်ယာများနှင့် ဘန်ကာများသည် စစ်ကောင်စီ တပ်သားများ ရာဂဏန်း တပ်စွဲခုခံထားသည့် ပထမစည်းနှင့် ပေ ၃၀ ခန့်မြင့်ပြီး အောက်ခြေအထူ ၅ ပေ ခန့်ရှိသော အကျဉ်းထောင်နံရံ၊ အုတ်တံတိုင်းနှင့် မျှော်စင်တွင် အကျဉ်းဝန်ထမ်း အယောက် ၃၀ ခန့်ဖြင့် လုံခြုံရေးယူထားသည့် ဒုတိယစည်းရှိသည်။

တော်လှန်ရေးတပ်၏ ထိုးစစ်သည် ပထမစည်းအား ကျော်လာပြီး ဒုတိယစည်းနား ရောက်ချိန်တွင် စစ်ကောင်စီ တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သည်။ ပထမစည်းရောက်ခဲ့လျှင်လည်း အကျဉ်းနံရံများအား ဖောက်ခွဲ ဝင်ရောက်ရန်မှာ လွယ်မည်မဟုတ်။

“ဖောက်လို့မရဘူးဆိုလည်း မဟုတ်ပြန်ဘူး။ ဖောက်လို့တော့ ရတယ်။ အဲဒီကိစ္စကို ဆောင်ရွက်တဲ့ အခါမှာ တော် တော်ကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ့် အခြေအနေ ရှိတဲ့အတွက် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ အရမ်း များသွားနိုင်တယ်ပေါ့နော်။ နှစ်ဘက်လုံးရော အကျဉ်းသားတွေရော လူအစုလိုက် အပြုံလိုက် သေဆုံးသွားတဲ့ ပုံစံဖြစ်သွားနိုင်တယ်။”

အကျဉ်းထောင်အတွင်း လက်နက်အပြည့်အစုံ ရှိသောကြောင့် ထောင်ဖောက်နိုင်လျှင် လက်နက်များ သာမက နိုင်ကျဉ်းများကိုလည်း ကယ်ထုတ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

ထိုသို့လနှင့်ချီ အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိ အခြေအနေ ထူးခြားခြင်း မရှိခဲ့ပေ။ 

ထူးခြားလာသည်မှာ အကျဉ်းထောင်တွင်း အခြေအနေပင် ဖြစ်သည်။

“တိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ တစ်ရက်လုံး အခန်းထဲမှာပဲ နေရတယ်ပေါ့နော်။ မျာက်နှာသစ်တာတောင်မှ အိမ်သာခန်းက ရေကိုပဲ သုံးရတဲ့ အခြေအနေထိ ရောက်သွားတယ်ပေါ့နော်။”

အကျဉ်းထောင်တွင်း၌ ကိုယ်လက်လှုပ်ရှားမှုလည်း မရှိတော့သလို တီဘီရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွား ပြန့်နှံ့မှု ရှိလာခဲ့သည်။

အကျဉ်းသားများ အားလုံးမှာ အခန်းတွင်း၌ပင် ပိတ်လှောင်ခံထားရပြီး ဆေးကုသခွင့်လည်း လုံးဝမရတော့သလို အစားအစာ ရှားပါးမှုနှင့်လည်း ကြုံခဲ့ကြရသည်။ ပုံမှန်အခြေအနေဆိုပါက တစ်ပတ်လျှင် နှစ်ကြိမ်ခန့် အသားဟင်း ကျွေးခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်စရစ်ခဲများပါသည့် ထမင်းကို အရသာ မရှိသော အရည်ကျဲကျဲ ပဲဟင်းရည်သာ ကျွေးတော့သည်။

ထားဖိုးက “ငါးပိ ဟင်းစားဇွန်း တစ်ဇွန်းကို အရည်ဖျော်ပြီး ‌‌အကျဉ်းသား လေး ငါးယောက်လောက် ဝိုင်းစား ကြရတဲ့ အခြေအနေထိပေါ့” ဟု ပြောသည်။

သောက်သုံးရေ ရှားပါးမှုနှင့် ကြုံရပြီး အိမ်သာရေကိုသာ အသုံးပြုနေရ၍ နောက်ဆက်တွဲ ကျန်းမာရေးနှင့် ပတ်သက်သော ဝမ်းရောဂါလည်း ဖြစ်ပွားခဲ့သည်။ 

အကျဉ်းသား အယောက် ၅၀၀ ကျော်မှာ အဆိုပါ အခြေအနေများအား အလူးအလဲ ကြုံတွေ့ခံစားခဲ့ရသည်။

မသေဆုံးခဲ့သင့်သော နိုင်ကျဉ်းတစ်ဦး

အစားသောက်နှင့် ဆေးဝါးရှားပါးမှု၊ ကူးစက်ရောဂါ ဖြစ်ပွားမှုနှင့် အတူ အကျဉ်းထောင်အတွင်း စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကျဆင်းမှု ပြဿနာများလည်း ကြုံလာရသည်။

ထားဖိုး၏ အခန်းဖော်တစ်ဦး ဖြစ်သော ရဲအောင်သည် ထားဖိုး နောက်မှ ရောက်လာသော အသက် ၂၁ နှစ် အရွယ် နိုင်ကျဉ်းတစ်ဦး ဖြစ်သည်။ စရောက်ကတည်းက မှိုင်တိုင်တိုင် ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် အခြေအနေ ပိုဆိုးလာပြီး အလွန်အမင်း စိတ်ဓာတ်ကျနေသည့် ပုံစံပေါ်နေသည်။

လွိုင်ကော် အကျဉ်းထောင်အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ အချင်းချင်း ကူညီဖေးမကြသည်။

ထားဖိုး တစ်ယောက် ရဲအောင်၏ အခြေအနေ သိချင်လာသဖြင့် သွားရောက် စကားပြောကြည့်သည်။

ထားဖိုး – “မင်းနာမည် ဘယ်လိုခေါ်လဲ”

ရဲအောင်-“ရဲအောင်ပါခင်ဗျာ”

စကားဝဲပြီး အသံတိုးသောကြောင့် ရှေ့အနည်းငယ်တိုး ထိုင်ခိုင်းလိုက်သည်။

“မိန်းမရှိလား”

“မရှိပါဘူး ခင်ဗျ”

“ဘာအမှုနဲ့လဲ”

“မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ ပါ ခင်ဗျ။”


“အေကွာ ငါလည်း ၁၇-၁ ပဲ၊ ဘာမှမပူနဲ့ အဆင်မပြေတာ ရှိရင်ပြော ဟုတ်ပြီလား။”

နေမကောင်းသည့် ပုံစံမျိုး ပေါ်နေသည်နှင့် ကျန်းမာရေး အခြေအနေကို မေးကြည့်ဖြစ်ခဲ့သည်။

“ရဲအောင် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။”


“ယားနာ ဖြစ်တယ်လေ။ ခြေထောက်လည်း ယောင်နေတယ်။”

“ဆေးခန်း မလိုက်ဘူးလား။”


“မနက်ဖြန်မှ လိုက်တော့မယ်။”

အမေးတစ်ခွန်း အဖြေတစ်ခွန်းကလွဲပြီး အပိုစကားများ မပြောဖြစ်ကြပေ။

မနက်ဖြန်တွင် ဆေးခန်းတော့ သူသွားလိုက်သည်။ သုံးလေးရက် ဆေးခန်းလိုက်သောကြောင့် သူ့အခြေအနေ အနည်းငယ် ပြန်ကောင်းသွားသည်။

ရဲအောင်မှာ စကားလည်း သိပ်မပြော၊ တစ်ခွန်းမေး တစ်ခွန်းဖြေ အခြားသူများနှင့်လည်း ပေါင်းသင်း ဆက်ဆံ ခြင်းမရှိ၊ တစ်ကိုယ်တည်းသမား ဖြစ်သည်။

ရဲအောင်အား ဆေးခန်း အမြဲလိုက်ရန် တိုက်တွန်းပြီး ဆေးခန်းလိုက် မပျက်သော်လည်း ကျန်းမာရေး အခြေအနေမှာ ထင်ထားသကဲ့သို့ မကောင်းလာခဲ့ပေ။

တစ်ညတွင် ထားဖိုး တစ်ယောက် ရဲအောင် အခြေအနေ သိချင်၍ သူ့ဆီသွားပြီး “ရဲအောင် ဘယ်လိုနေလဲ သက်သာလား” ဟု မေးကြည့်ရာ ရဲအောင်မှာ ကြောင်တောင်တောင်နှင့် ပြန်ကြည့်ပြီး ရုတ်တရက်ထ၍ အခန်းထောင့်ရှိ အမှိုက်ပုံးသို့ သွားထိုး အန်တော့သည်။

သူအဆင်ပြေသွားမှာပါဟု အတွေးနှင့် ထားဖိုးတစ်ယောက် အိပ်ယာသို့ ပြန်လာအိပ်လိုက်သည်။

နောက်ရက် နံနက်ပိုင်းတွင် အခန်းဖော်များထံမှ ‘ရဲအောင် သေသွားပြီ’ ဆိုသော စကားသံကို ကြားလိုက်ရသည်။

ရုတ်တရက် မယုံနိုင်ဖြစ်သွားသည်။ 

‘မနေ့ကပဲ အကောင်းကြီးရှိသေးတာ ဘယ်လိုဖြစ်သွားတာလဲ’ ဆိုသည်ကို ထားဖိုး တစ်ယောက် သိချင်နေသည်။

အကျဉ်းထောင်မှ အရာရှိတစ်ဦး ဖြစ်သော ဘိုလေးရောက်လာပြီး 

ရှေ့ကြည့်…

– အိပ်ဆောင် (၁) အခန်း (၄) ထောင်ကျ (…) တန်းစီပြီး အသင့်

– မင်္ဂလာပါ….

အေးစေ

“မင်းတို့လည်း သိတဲ့အတိုင်းပဲ ငါတို့ကြိုးစားပြီး ဆောင်ရွက်ပေးခဲ့တယ်နော်။ မနေ့ညက ရဲအောင်ကို ဆေးရုံပို့ဖို့ လုပ်သေးတယ်။ မမှီလိုက်ဘူး၊ သူဆုံးသွားပြီ။ ငါတို့ ကြိုးစားပေးကြတယ်နော်” ဟု ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြီးရှင်းပြခဲ့သော်လည်း သူသံသယ ရှိနေသည်။

နောက်ပိုင်း ထားဖိုး ပြန်လည်စုံစမ်း၍ သိလိုက်ရသည်မှာ ရဲအောင်ကို ညနေ ၉ နာရီ ကတည်းက ခေါ်ထုတ်သွား ပြီး ဆေးရုံသို့မပို့ဘဲ တစ်ညလုံး ထောင်ဆေးခန်းမှာပဲ ထားခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက် ၅ နာရီ အချိန် နိုင်ငံရေးအကျဥ်းသား ရဲအောင် ဆေးကုသခွင့် ဆုံးရှုံးပြီး အကျဉ်းထောင် အတွင်း၌ပင် သေဆုံးခဲ့သည်။

၂၀၂၁  ခုနှစ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လွိုင်ကော် အကျဉ်းထောင်အတွင်း အကျဉ်းသားများမှာ အခြေခံ လူ့အခွင့်ရေး ချိုးဖောက်ခံရမှု အများအပြား ခံခဲ့ပြီး ကျန်းမာရေးအတွက် ဆေးကုသခွင့် ဆုံးရှုံးခြင်းနှင့် စိတ်ကျ ရောဂါကြောင့် ရဲအောင် အပါအဝင် အကျဉ်းသား ၇ ဦး သေဆုံးခဲ့သည်အထိ ဖြစ်ပွားခဲ့သည်။

ထိုအ‌ခြေအနေများအား အကျဉ်းဦးစီး တာဝန်ရှိသူများက မဖြေရှင်းပေးနိုင်ခဲ့သလို အများသိရန် ထုတ်ပြန် ပြောဆိုခြင်းများလည်း မရှိဘဲ သတင်း အမှောင်ချထားခဲ့သည်။

သေဆုံးခဲ့ရသည့် အကျဉ်းသား အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။

ထားဖိုး တစ်ယောက် စိတ်ကျရောဂါကြောင့် သေဆုံးသွားသော အကျဉ်းသား ၂ ဦးကို မျက်မြင်တွေ့ခဲ့ရသလို သူသည်လည်း ထိုအခြေအနေအား ရင်ဆိုင်ဖြတ်ကျော်လာခဲ့သူ တစ်ဦးဖြစ်သည်။

“တခြားလူတွေအမြင်မှာ ကျနော်တို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်တဲ့ ပုံစံမျိုးတွေ တချို့ တလေ ထင်ကြတယ်။ တကယ်တမ်းဆိုရင် ဒီ (ဒကစ) ထဲဝင်ပြီး စစ်ကြောရေး ခံဖူးတဲ့သူတွေ၊ တိုက်ပိတ်ခံရတဲ့ လူတွေ၊ ပြီးရင် အကျဉ်းထောင်ထဲကနေ ထွက်တဲ့သူတွေ အနည်းနဲ့အများကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အရမ်းကြုံရတယ်” ဟု ထားဖိုးက ပြောသည်။

ပုံမှန်အခြေနေတွင် ထောင်ဝင်စာ တွေ့ရခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ လက်လှမ်းမှီ ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပုံမှန်ပေးခြင်းများ ရှိသော်လည်း စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း၊ အထူးသဖြင့် တိုက်ပွဲများကြား ပိတ်မိနေသော အကျဉ်းထောင်တွင်းရှိ အကျဉ်းသားများသည် ထိုအခွင့်အရေးများ အားလုံးကို ဆုံးရှုံးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား  ၅ ဦး အပါအဝင် အကျဉ်းသားပေါင်း ၁၉ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်နှင့် ပြန်လည် လွတ်မြောက်လာခဲ့သည့်ထဲ ထားဖိုးလည်း ပါဝင်ခဲ့လေသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် တစ်လေးလုံး စစ်ဆင်ရေးဖြင့် လွိုင်ကော်မြို့သိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် အကျဉ်းထောင်၏ အခြေအနေမှာ ပို၍ ဆိုးရွားသွားခဲ့သည်။

လက်ရှိ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်ထိ လွိုင်ကော် အကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၅၀၀ နီးပါး ကျန်ရှိနေသေးပြီး အချိန်ကာလအားဖြင့် (၈) လကျော်သည်အထိ ဆန်အကြမ်းနှင့် ငါးပိ အနည်းငယ်ကိုသာ အသက်မသေအောင် အားပြုစားသောက် နေကြရသည်။ 

အကျဉ်းသားများသည် ဗီတာမင်ဓာတ် ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာ မစားရခြင်း၊ အချုပ်ခန်း ပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ခွင့် ကန့်သတ်ခံထားရသည့် အတွက် လက်ရှိအချိန်တွင် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိပြီး အချို့နိုင်ငံရေး အကျဉ်းသား၊ အကျဥ်းသူများမှာ ထောင်အခေါ် တုတ်ဆွဲခြင်း (လေဖြတ် ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရသူ များလာခဲ့သည်။

အမျိုးသမီးများမှာလည်း လစဉ်သုံး ပစ္စည်းများ ပြတ်ကုန်သည့်အပြင် အစားအသောက် အနေအထိုင် ပုံစံများ ကြောင့် ရာသီစက်ဝန်းပုံမှန် မဟုတ်တော့ခြင်းကဲ့သို့သော အခြေအနေမျိုးနှင့်လည်း ကြုံနေကြရသည်ဟု ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေဟာ မသေရုံ တမယ်ပဲ မနည်းကြိုးစား ရုန်းကန်ရတဲ့ အခြေအနေ ရှိတယ်။ အခုလည်း လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် အဲဒီအခြေနေတွေ လျှော့ကျသွားတယ်ဆိုတဲ့ သတင်းစကားတွေတော့ မကြားရသေးပါဘူး” ဟု ပြောသည်။

ထို့အပြင် “လက်ရှိမှာတော့ အကျဉ်းသား အခွင့်အရေး အားလုံးဆုံးရှုံးနေတယ်ပေါ့နော်။ လူ့အခွင့်အရေး တောင် မှ အခြေခံကျတဲ့ အသက်ရှင်သန် နေထိုင်ခွင့်ကို တောင်မှ စစ်ကောင်စီဘက်က ပြည့်ပြည့်ဝဝ တာဝန်ယူဆောင်ရွက်နိုင်ခြင်း မရှိဘူးပေါ့နော” ဟု ဆက်ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ယနေ့အချိန်ထိ လွိုင်ကော် အကျဉ်း ထောင်မှ လွတ်ရက်စေ့ အကျဉ်းသားများအား ၄ ကြိမ် ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၁၁၆ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။

၈ လ ကျော်ကြာမြင့်နေပြီ ဖြစ်သော တစ်လေးလုံး စစ်ဆင်ရေးအတွင်း လက်ရှိချိန်ထိ အကျဉ်းထောင်အနီးတစ်ဝိုက် ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး ကျန်ရှိနေသေးသော အကျဉ်းသား အယောက် ၅၀၀ နီးပါးမှာမူ အခြေခံ လူ့အခွင့်ရေးများ ဆုံးရှုံးနေဆဲ ဖြစ်သည်။

ထို့ကြောင့် နိုင်ကျဉ်း ‘ရဲအောင်’ ကဲ့သို့သော အခြေအနေမျိုး ထပ်ပြီး ကြုံလာရနိုင်သည့် အခြေအနေမျိုး ရှိနေဆဲ၊ ဖြစ်နေဆဲဟု ဆိုကြသည်။